ခရစ်ယာန်အသင်းတော်များ ဦးဆောင်၍ ကချင်ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်

ခရစ်ယာန်အသင်းတော်များ ဦးဆောင်၍ ကချင်ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုမှ ဒေသခံများက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်မှုတရပ်ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါနေ့ နံနက် ၈ နာရီမှ ၁၂ နာရီထိ ခရစ်ယာန်ဘာသာရေးဂိုဏ်းပေါင်းစုံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့တို့ ဦးဆောင်၍ ဆိတ်မူကျေးရွာအုပ်စု ဝေခါကျေးရွာမှ မဂါးပါ၊ ဆပ်ပြာချောင်း၊ မော်ကလုံ၊ ဂျန်ဂါကျေးရွာထိ ၁၂ မိုင်ခန့် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

kachin-church-anti-drug-campaign-Myitkyina

“ကျနော်တို့ မူးယစ်ဆေးဝါး တိုက်ဖျက်ဖို့အတွက် ဆန္ဒဖော်ထုတ်တာပါ၊ ကျနော်တို့ ဝေခါဒေသမှာ မူးယစ်ဆေးဝါး သုံးတဲ့ လူတွေနဲ့ ရောင်းတဲ့လူတွေများလာလို့ ဘုံရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ဖျက်တာ ဖြစ်တယ်” ဟု ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူ ကိုဘရန်မိုင် က ပြောသည်။

“ဘုံရန်သူ မူးယစ်ဆေးဝါးကို လူထုအင်အားဖြင့် စုပေါင်းတိုက်ဖျက်ကြပါစို့” ဟူ၍ ရေးသားထားသော ဗီနိုင်းများ ကိုင်ဆောင်၍ ကား ၁၅ စီးနှင့် ဆိုင်ကယ် ၆၀ ခန့် လိုက်ပါခဲ့သူများအပါအဝင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ သူပေါင်း ၆၀၀ ရှိသည်ဟု သူက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် အစိုးရဘက်မှ တားဆီးခြင်း မရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့သော လမ်းကြောင်းများ ရှင်းလင်းပေးမှုများ လုပ်ဆောင်ပေးခဲ့သည်ဟု သူက ဆိုသည်။ စက်တင်ဘာလ ၂၇ ရက်နေ့က ဝေခါနှင့် ဂျန်ဂါတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်းဘုတ် စိုက်ထူခဲ့ကြပြီး လက်ရှိ ဆပ်ပြာချောင်း နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ  မူးယစ်ဆေးဝါး သုံးစွဲသူ ၁၆ ဦးကို ဘိန်းဖြတ်ပေးနေသည်ဟု သိရသည်။

အလားတူ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဖားကန့်၊ ဆိုင်းတောင်၊ လုံးခင်း၊ တာမခံ၊ လုံခါနှင့် ကားမိုင်း စသည့် နေရာများတွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်မှုများကျင်းပခဲ့ သည်ဟုလည်း သိရသည်။

“ဘုရားပေးသော ခွန်အားဖြင့် ဘိန်းနှိမ်နှင်းစို့၊ ပြည်သူလူထုအားလုံး ပါဝင်ကြစို့” ဟူသော စာတမ်းပါ ဗီနိုင်း ဆိုင်းဘုတ်ကို ကားမိုင်းမြို့လယ်တွင် စက်တင်ဘာလ ၂၉ ရက်က စိုက်ထူကာမူးယစ်ဆေးဝါး ပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု ကားမိုင်းမြို့ မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးကော်မတီ၏ ပညာပေးတစ်ဦး လည်းဖြစ်၊ နှစ်ခြင်းခရိယာန်အသင်းတော်မှသိက္ခာတော်ရ ဆရာဆိုင်းအောင် က ပြောသည်။

“အားလုံးမြင်နိုင်တဲ့ နေရာမှာ ဗီနိုင်းဆိုင်းဘုတ်နှစ်ခု စိုက်ထူလိုက်တယ်။ အဲဒါပြီးတော့ ကျနော်တို့နဲ့ ရပ်မိရပ်ဖတွေ အုပ်စု ခွဲပြီးတော့ အိမ်တိုင်းပညာပေးဟောပြောမှု လုပ်တယ်” အစိုးရဘက်မှ တားဆီးမှုများ မရှိခဲ့သော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီအား မည်သူဦးဆောင်၍ မည်သည့် အစီအစဉ် ကျင်းပသည်ကို မေးမြန်းမှုများ ရှိခဲ့သည်ဟု သူကဆိုသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီဝင်များနှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ကားမိုင်း၊ ကောင်ရာ၊ ထွယ်ဆန် ယန်ကျေးရွာများတွင် တစ်အိမ်တက်၊ တစ်အိမ်ဆင်း မူးယစ်ဆေးဝါးပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု ဆရာဆိုင်းအောင် က ပြောသည်။

လက်ရှိ ကားမိုင်းမြို့မှ မူးယစ်ဆေးဝါးသုံးစွဲသူ ၂၀ ကျော်ကို မြစ်ကြီးနားမြို့နယ် အောင်မြင်သာစံပြကျေးရွာရှိ ကက်စလစ်အသင်းတော်ရှိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းသို့ ပို့ဆောင်၍ဘိန်းဖျက်ပေးနေသည်ဟု သူက ဆိုသည်။

၂၀၁၄ ခုနှစ် ဧပြီလက ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ပြည်သူလူထု ပူးပေါင်း၍ မူးယစ်ဆေးဝါးပညာပေး ဟောပြောမှုများ လုပ်ဆောင်ရန်အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၉ ဒေသ ကွတ်ခိုင်မြို့နယ် ဟိုဖြတ် ကျေးရွာအနီးတွင် ကျေးရွာပေါင်း ၄၀ ကျော်မှ ပြည်သူများကို ခေါ်ယူ၍ ဖမ်းဆီးခဲ့သောဘိန်းဖြူ ၂၆ ကီလို၊ ဘိန်းမဲ ၁၃ ပိဿာနှင့် ရာမ ဆေးပြား ၆ သောင်းကျော် (ကာလတန်ဖိုး ကျပ်သိန်း ၂၀၀၀ ကျော်) ကို မီးရှို့ ဖျက်ဆီးသော အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်ကကျင်းပခဲ့သည်ဟု KIO မူးယစ်ဆေးဝါးတိုက် ဖျက်ရေးမှ တာဝန်ရှိသူ အရာရှိ တစ်ဦးက ပြောသည်။

“ကျနော်တို့ မူးယစ်ဆေး ရောင်းတဲ့လူတွေကနေ ရတဲ့ မူးယစ်ဆေးတွေကို ရွာသားတွေကို ခေါ်ပြီး လူထုရှေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်၊ အစိုးရဘက် မူးယစ်ဆေးတိုက်ဖျက်ဖို့လစ်လျုရှုထားတယ်။ ဒါကြောင့် ကေအိုင်အိုက တတ်နိုင်သလောက် တိုက်ဖျက်ရေးလုပ်နေတယ်ဆိုတာကို သိစေချင်လို့ လုပ်တာဖြစ်တယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဒုတိယ အများဆုံး ဘိန်းစိုက်ပျိုးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ ဘိန်းစိုက်ပျိုးမှု ၉၀ ရာခိုင်နှုန်းသည် ရှမ်းပြည်နယ်တွင် ရှိသည်ဟု ကုလသမဂ္ဂ UNODC ၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

Most read this week