ဘူးသီးတောင်မြို့ အဖွဲ့ (၉)ခုမှ ဘင်္ဂလီနိုင်ငံသားစိစစ်ရေးနှင့်ပတ်သက်၍ အချက် (၉)ချက်တောင်းဆို

ဘူးသီးတောင်မြို့ အဖွဲ့ (၉)ခုမှ ဘင်္ဂလီနိုင်ငံသားစိစစ်ရေးနှင့်ပတ်သက်၍ အချက် (၉)ချက်တောင်းဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အခြေစိုက် အဖွဲ့ (၉) ခုမှ ဘင်္ဂလီများအား နိုင်ငံသား စိစစ်ရေးနှင့် ပတ်သက်ပြီး အချက် (၉) ချက်ကို စက်တင်ဘာလ ၂၆ ရက်နေ့က ကျေညာချက်ထုတ် တောင်းဆိုလိုက်သည်။

ယခုကဲ့သို့တောင်းဆိုရခြင်းမှာ ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဒေသခံ ရခိုင် တိုင်းရင်းသားများ၏ လိုလားချက်များကို မျက်ကွယ်ပြုဆောင်ရွက်နေ၍ ဖြစ်ကြောင်း ဘူးသီးတောင်ဒေသခံ ဦးအောင်ကိုကိုက ဆိုသည်။

“ အခု ရခိုင်တစ်ပြည်နယ်လုံးမှာ ဘင်္ဂလီတွေကို အောက်တိုဘာလ ၁ ရက်နေ့ကနေ နိုင်ငံသား စိစစ်ရေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဘူးသီးတောင်မြို့နယ် စိစစ်ရေးကော်မီတီကို ဖွဲ့စည်းတဲ့အခါ မြို့နယ် တာဝန်ရှိသူတွေက သူတို့ကြိုက်တဲ့ လူတွေကိုဘဲ အဖွဲ့ထဲမှာထည့်ပြီး အခြေအနေ အရပ်ရပ်ကို နှံ့စပ်သိကျွမ်းတဲ့ မြို့နယ် လုထုက ကြိုက်နှစ်သက်တဲ့ လူတွေကိုကျရင် ဘေးဖယ်ထားတယ်။ ဒါဟာ မဖြစ်သင့်ဘူး ထင်တဲ့ အတွက် ဒီလို တောင်းဆိုရတာပါ” ဟု သူက ဆိုသည်။

တောင်းဆိုထားသော အချက် (၉) ချက်တွင် ဥပဒေနှင့် ညီညွတ်မူ မရှိဘဲ မြေပုံမြို့နယ်မှ ဘင်္ဂလီများအား နိုင်ငံသား ဖြစ်ခွင့်ရသူ၊ ပြုခွင့်ရသူများအဖြစ် ပေးခြင်းကို ဘူးသီးတောင်မြို့နယ် ပြည်သူများမှ ကန့်ကွက်ကြောင်း ဦးစွာ ဖေါ်ပြသည်။

ယင်းနောက်တွင် ဘင်္ဂလီများအား မှားယွင်းစွာ ထုတ်ပေးခဲ့သော သက်သေခံ ကတ်ပြားများအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီ ပြန်လည် စိစစ်ရန်၊ ကမန်လူမျိုးအမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားရထားသူ များအား ကမန်လူမျိုးဟုတ် မဟုုတ်စစ်ဆေးရန်၊ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို သွေဖီ၍ နိုင်ငံသား စိစစ်ရေးကတ် ရထားသူများ၊ ထုတ်ပေးသူများကို အရေးယူရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ နိုင်ငံသားပြုခွင့်ရသူ ဘင်္ဂလီများအား ဥပဒေရ အခွင့်အရေးပေးပြီး ခိုးဝင်သူများကို အရေးယူမည့် အရေး ထင်သာမြင်သာရှိစေရန်၊ မြို့နယ် အဆင့် စုံစမ်းရေးအဖွဲ့တွင် မြို့မိမြို့ဖများကို မြို့သူမြို့သားများ စိတ်ဆန္ဒနှင့် အညီ ရွေးချယ်ထည့်သွင်းရန် စသည့် အချက်များ ပါ၀င်သည်။

“ နောက်တစ်ခုက ရခိုင်ပြည်နယ်ထဲမှာ ရှိနေတဲ့ ဘင်္ဂလီလူမျိုးတွေကို ၁၉၈၂ နိုင်ငံသား စိစစ် ဖေါ်ထုတ်ရေး လုပ်တဲ့ နေရာမှာ နိုင်ငံသား ဖြစ်ထို်က်သူတွေကို နိုင်ငံသားပေးဖို့ ကျွန်တော်တို့ သဘောတူတယ်။ ဒါပေမယ့် နိုင်ငံသား မဟုတ်တဲ့သူတွေကိုလည်း နိုင်ငံသား အဆင့်အတန်းတစ်ခု ပေးမယ်ဆိုရင် ခိုးဝင် ဘင်္ဂလီကို ဖေါ်ထုတ်ဖို့ကိစ္စဟာ ပျောက်သွားတယ်။ ခိုးဝင်လာတဲ့ ယင်းသူတို့ကို နိုင်ငံသား ပေးရဖို့ဆိုရင် ကျနော်တောင်းဆိုထားတဲ့ အချက်တွေနဲ့ လွဲနေတယ်။ ဒါကို မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ ဖြစ်စေချင်တာက ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ စစ်ပါ။ ပေးသင့်တဲ့သူကို ပေးပါ။ ဒါပေမယ့် ခိုးဝင်သူတွေဆိုရင် ပြတ်ပြတ်သားသားအရေးယူပေးဖို့ ကျွန်တော်တို့ လိုလားပါတယ်” ဟု ဆိုသည်။

တောင်းဆိုသည့် အဖွဲ့များထဲတွင် ဘူးသီးတောင်မြို့ပေါ်ရှိ စည်းကမ်းထိန်းသိမ်းရေး သံဃာ တော်များအဖွဲ့၊ အမျိုးဘာသာ-သာသနာ စောင့်ရှောက်ရေး သံဃာတော်များအဖွဲ့၊ နာရေး ကူညီမူအသင်း၊ ရခိုင်လူမူကွန်ယက်၊ မြတ်ဆရာပရဟိတအသင်း၊ သွေးလှူရှင်များအသင်း (ရခိုင်လူငယ်ကွန်ယက်)၊ နွေးထွေးသူများ( လူမူကူညီရေးအဖွဲ့)၊ ရခိုင်အမျိုးသမီးများ အစည်းအရုံးနှင့် ပြည်သူများ ဖြစ်ကြသည်။

Most read this week