ရွှေဝါရောင်နှစ်ပတ်လည်နေ့ အခမ်းအနား စစ်တွေတွင် ကျင်းပပြုလုပ်

ရွှေဝါရောင်နှစ်ပတ်လည်နေ့ အခမ်းအနား စစ်တွေတွင် ကျင်းပပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရွှေဝါရောင် နှစ်ပတ်လည်နေ့ အထိန်းအမှတ် အခမ်းအနားကို စက်တင်္ဘာလ ၂၇ရက်နေ့ ကျင်းပရာ သံဃာတော် အပါး (၉၀) မှ ကြွရောက်ပြီး ပြည်သူများ လောင်းလှူသော ဆွမ်း ဆန်စိမ်းများကို လက်ခံခဲ့ကြသည်ဟု သိရသည်။

ရွှေဝါရောင်သံဃာအရေးအခင်း နှစ်ပတ်လည်နေ့ (၈) နှစ်မြှောက် အခမ်းအနားကို စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းပျိုအဖွဲ့၊ မိဇံလူငယ်အင်အားစုနှင့် စစ်တွေမြို့ပေါ်ရှိ ရခိုင်ကျောင်းသားလူငယ်များ စုပေါင်း၍ စစ်တွေမြို့ မိဇံ ရပ်ကွက်တွင် ပြုလုပ်ခဲ့ကြသည်။

Golden-Robe

“၂၀၀၇-ခုနှစ်က ပြည်သူတွေ ဆင်းရဲကြပ်တည်းခြင်းက လွတ်မြောက်အောင် ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ဆန္ဒပြတောင်းဆို တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီတုန်းက စစ်အစိုးရအုပ်ချုပ်တဲ့ ကာလ ဖြစ်တဲ့အတွက် အကြမ်းဘက် နှိမ်နင်းတာကို ခံခဲ့ကြရပါတယ်။ ထောင်ထဲမှာလည်း သံဃာတော်တွေ အများအပြား အသက်ဆုံးရှုံးခဲ့ကြတယ်။ အဲဒီသံဃာတော်တွေကို ရည်ရွယ် ဂုဏ်ပြုတဲ့အနေနဲ့ရော၊ ပူဇာစပူဇာနေယာနံ ပူဇော်ထိုက်သူကို ပူဇော်တဲ့အနေနဲ့ရော  ဒီ (၈) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားအနေနဲ့ ပြုလုပ်ရခြင်းဖြစ်တယ်” ဟု စည်းကမ်း ထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့မှ သတင်းနှင့် မှတ်တမ်းတာဝန်ခံ ပညာမဂ်ဂင်ဆရာတော် ဦးပညာသာမိက ပြောကြားသည်။

ရွှေဝါရောင်အရေးအခင်း ပေါ်ပေါက်လာရခြင်းမှာ မြန်မာနိုင့်၌ ကုန်စျေးနှုန်းတက်လာ၍ ဖြစ်ကြောင်း၊ ကုန်စျေးနှုန်း ကျဆင်းရေးအတွက် တကာတကာမများက ဆန္ဒပြတောင်းဆိုလာခဲ့ကြကြောင်း၊  သံဃာတော်များသည်လည်း ဗုဒ္ဓဘာသာ ရဟန်းတော်များဖြစ်သည့်အတွက် ဗုဒ္ဇဘာသာ တကာ တကာမများ ဆင်းရဲကြပ်တည်းခြင်းကို မမြင်နိုင်သည့်အတွက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြရခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြပွဲတွင် ပြည်သူများ လိုလားနေသော ဒီမိုကရေစီရရှိရေး အတွက် ငြိမ်းချမ်းစွာ စီတန်း တောင်းဆိုခဲ့ကြကြောင်း၊  ယင်းဆရာတော်များ၏ လူပ်ရှားမူများ၏ ကျေးဇူးတရား အချို့ကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပန်းတိုင်းကို လျှောက်လှမ်းနိုင်သည့် အဆင့်သို့ရောက်ရှိလာနေပြီဖြစ်ကြောင်း ဆရာတော်က ဆက်လက် မိန့်ကြားသည်။

ယခု အခမ်းအနားသည် စစ်တွေမြို့ မိဇံရပ်ကွက်တွင် ပြုလုပ်သော တတိယအကြိမ်မြောက်ဖြစ်သည်။

ယခုလို အထိန်းအမှတ် အခမ်းအနားများကို ရခိုင် လူငယ်များ အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် ပြုလုပ်ရန် လိုကြောင်း မိဇံလူငယ်အင်အားစုမှ ကိုစံကျော်က ပြောသည်။

“ကျွန်တော် ရခိုင်သူတွေကို မှာကြားချင်တာကတော့ ကျွန်တော်တို့လို စည်းစည်းလုံးလုံးနဲ့ ရွှေဝါရောင် တော်လှန်ရေး နေ့ပဲဖြစ်ဖြစ်၊ ဦးဥတ္တမနေ့ပဲဖြစ်ဖြစ် အဲဒါတွေကို အထိမ်းအမှတ်အနေနဲ့ အားလုံးသူ ဂုဏ်ပြု ကျင်းပ ပြုလုပ်သင့်တယ်လို့ ထင်ပါတယ်” ဟု သူကဆက်ပြောသည်။

သံလာတော်များကို ဆွမ်းလောင်းခဲ့သူ ရခိုင်အမျိုးသမီးတစ်ဦးကလည်း ရွှေဝါရောင်သံဃာ့ အရေးအခင်း နှစ်ပတ်လည်နေ့တွင် ဆွမ်းလှူရသည့်အတွက် ပျော်ရွှင်ပြီး ၀မ်းသာပီတိဖြစ်မိကြောင်း၊ နောက်နှစ်များတွင်လည်း ဤကဲ့သို့လှူချင်ကြောင်း၊ ဘုန်းကြီးကျောင်းများတွင် သွားရောက် လှူဒါန်းခြင်းထက် ဤကဲ့သို့လှူရသည်မှာ ပိုပြီးဝမ်းသာပီတိဖြစ်ရကြောင်း နိရဥ္စရာသတင်းဌာနသို့ သူမ၏ခံစားချက်ကို ပြောကြားသည်။

အခမ်းအနား၌ ပူးပေါင်းဆောင်ရွက်ခဲ့သူ အမျိုးသားရေးနိုင်နိုင်ကမူ ယခု အခမ်းအနားကို အမြဲတန်း ဖေါ်ထုတ်သွားရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

အမျိုးသားရေးနိုင်နိုင်က “ဒီရွှေဝါရောင်သံဃာ့အရေးအခင်းကို မမေ့မပျောက်ရအောင် လူငယ်တွေသိအောင် ရည်စူးပြီး လုပ်တာပါ။ စစ်တပ်ကနေပြီးတော ့ရက်ရက်စက်စက် ရဟန်းသံဃာတွေ၊ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တယ်။ ရဟန်းသံဃာတွေကို အတင်းအဓမ္မ သင်္ဃန်းဆွဲချွတ်ခဲ့တယ်ဆိုတာတွေကို နောက်မျိုးဆက်သစ်တွေသိအောင်၊ စစ်တပ်ကလည်း နောက်တခါ ဒီလိုမျိုးမလုပ်ရအောင် ဆိုပြီးတော့ အမြဲတမ်း ဖေါ်ထုတ်သွားမဲ့ အစီအစဉ်တွေရှိပါတယ်” ဟု ဆိုသည်။

ရွှေဝါရောင်တော်လှန်ရေး စဖြစ်သည်မှာ ရခိုင်ပြည် စစ်တွေမြို့မှဖြစ်ကြောင်း၊ ဤကဲ့သို့ ဖြစ်ပေါ် ရခြင်းမှာလည်း ရခိုင်ပြည်နယ်မှာ စစ်အုပ်ချုပ်မှုအောက်၌ ပြင်းပြင်းထန်ထန် ခံစားနေခဲ့ရ၍ ဖြစ်ကြောင်း၊ ရဟန်းတော်များနှင့် ပြည်သူများပူးပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒပြရာမှ  ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု သူကဆက်ပြောသည်။

Most read this week