ရှမ်းတပ်ဖွဲ့ ခြံုခိုတိုက်၍ အပစ်ရပ်ခေါင်းဆောင်သေဆုံး

ရှမ်းတပ်ဖွဲ့ ခြံုခိုတိုက်၍ အပစ်ရပ်ခေါင်းဆောင်သေဆုံး
by -
ဇော်ကြီး
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့က မြန်မာစစ်တပ်ဖွဲ့ကို ခြံုခိုတိုက်ခိုက်မှု ကြောင့် ယခင်နှစ်များ အတွင်းက မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသည့် ရှမ်းတပ်မှူးတဦးနှင့် အတူ မြန်မာစစ်အစိုးရတပ်သားများ ကျဆုံးသွား ...

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့က မြန်မာစစ်တပ်ဖွဲ့ကို ခြံုခိုတိုက်ခိုက်မှု ကြောင့် ယခင်နှစ်များ အတွင်းက မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ထားသည့် ရှမ်းတပ်မှူးတဦးနှင့် အတူ မြန်မာစစ်အစိုးရတပ်သားများ ကျဆုံးသွားသည်။

ယခုလ ၂၄ ရက်နေ့ ည ၁ဝ နာရီ အချိန်ခန့်က မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် တပ်မဟာ ရ၅၈ တပ်မဟာမှူး ဗိုလ်မှူးကြီး မိန်းစင့်သည် ၎င်း၏ ဌာနချုပ် အခြေစိုက်ရာ နမ့်ဟူးကျေးရွာမှ ခိုလမ်ကျေးရွာ သို့အသွား SSA တောင်ပိုင်း တပ်များ၏ ခြံုခိုတိုက်ခိုက်ခြင်းကိုခံရပြီး ၎င်းအပါအဝင် တပ်သား ၁၅ ဦး သေဆုံး သွားသည်။

ရှမ်းပြည်တပ်မတော်မှ ချမှတ်ထားသည့် စည်းကမ်းအားချိုးဖောက်၍ စစ်အစိုးရထံ လက်နက် ချခဲ့သည့်အပြင် စစ်အစိုးရနှင့်ပူးပေါင်း၍ ပြည်သူလူထုအား နှိပ်စက်ညှဉ်းပန်းနေသည့်အတွက် ခြံုခိုတိုက်ခိုက်ရခြင်းဖြစ်သည်ဟု SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ယခုလို ပြောသည်။
 

“ဒီမိန်းစင့် ဆိုတဲ့လူက ကျနော်တို့ကို ကျောခိုင်းပြီး၊ သစ္စာဖောက်သွားပြီး နအဖနဲ့ပူးပေါင်းပြီး တော့ ပြည်သူလူထုတွေကိုလာပြီးတော့ ညှဉ်းဆဲနှိပ်စက်နေတယ်။ နောက်ပြီးတော့ အတင်း အဓမ္မ ကျေးရွာ တွေ ရွှေ့ပြောင်းခိုင်းတယ်။ နောက်ပြီးတော့ အတင်းအဓမ္မ ငွေကြေးတွေ ဆက်ကြေးတွေ တောင်းရမ်း နေတယ်။ နောက်ပြီးတော့ သူတို့လိုနေတဲ့ အင်အားတွေလည်း ဆင့်ခေါ်ပြီးတော့ သူတို့လိုတဲ့အင်အား တွေကိုလည်း ဟိုဖက်ဆီမှာ သုံးနေပါတယ်။”

တပ်မဟာ ရ၅၈  တပ်မဟာမှုး ဗိုလ်မှူးကြီးမိန်းစင့်သည် ၂ဝဝ၆ ခုနှစ်လည်ပိုင်းက အင်အား တစ်ရာကျော်ဖြင့် မြန်မာစစ်အစိုးရနှင့်ပူးပေါင်းသွားခဲ့သည့် အဖွဲ့ခေါင်းဆောင်တဦးဖြစ်ပြီး လက်ရှိ အင်အား ၅ဝ ခန့်သာကျန်ရှိသည်။

အရှေ့ပိုင်းတိုင်း တိုင်းမှူးမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ဗိုလ်မှူးကြီးမိန်းစင့်အား တောင်ကြီး သို့ ဆင့်ခေါ်သည့် သတင်းရရှိခဲ့ပြီးနောက် SSA တောင်ပိုင်းက ခြံုခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏အနီးကပ်လုံခြံုရေးတပ်ဖွဲ့နှင့်အတူ စစ်ထောက်လှမ်းရေး နှစ်ယောက်အပါအဝင် လိုက်ပါ ပို့ဆောင်သည့် နယ်မြေခံတပ်သားအင်အား စုစုပေါင်း ၁၅ ယောက်အဖွဲ့ပါဝင်သည်ဟု ဗိုလ်မှူးလောဝ်ဆိုင်က ဆက်ပြောသည်။

“အဲဒီတိုက်ပွဲမှာဆိုရင် သူ့နဲ့ အတူပါလာတဲ့ ယာဉ်သုံးစီးရယ်၊ လူအင်အား ၁၅ ယောက် အဲဒီတိုက်ပွဲမှာ အားလုံး ကျဆုံးသွားပါတယ်။ ယာဉ်တန်းတွေလည်း အားလုံးပျက်စီး သွားပါ တယ်။”

တိုက်ပွဲ၌ သိမ်းဆီးရမိသည့် လက်နက်ခဲယမ်း စာရင်းကို စီစစ်နေဆဲဟု ဆိုသည်။   

လွန်ခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း ပင်လုံနှင့် လဲချားကားလမ်းပေါ်ရှိ စစ်အစိုးရ စခန်းတစ်ခုအား စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်အစိုးရ တပ်သား ၅ ဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို သိမ်းဆီး ရမိခဲ့သည်။

Most read this week