မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးထုပါဝင်မှုနည်းပါးနေဟုဆို

မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် အမျိုးသမီးထုပါဝင်မှုနည်းပါးနေဟုဆို
by -
နိရဥ္စရာ

မြန်မာနိုင်ငံ၏ လက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် အမျိုးသမီးထုပါ ဝင်မှု အလွန်တရာ နည်းပါးနေကြောင်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ဒုဥက္ကဌ-၁ ဖြစ်သူ စောစံငြိမ်းသူက ထောက် ပြပြောဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်လုံးချမ်းသာဘုရားကြီးသိမ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီခန့်က ပြုလုပ်သော အကြိ်မ် (၃ဝ) မြောက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်း အနားတွင် သူမက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆရာမ ပံသုခင် အမှာစကားပြောကြားနေစဉ်။

ပြည်ပရှိ လက်နက်ကိုင်အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ အစိုးရဝန်ကြီးဌာန များစသည့် မည်သည့်အခန်းကဏ္ဍများတွင်မဆို အမျိုးသားများထက် အမျိုးသမီးများပါဝင်မှုအလွန်တရာနည်း ပါးနေသည်ကို တွေ့ရှိရပြီး အမျိုးသမီးများသည်လည်း အမျိုးသားများနှင့်တန်းတူ ကျရာကဏ္ဍ၌ပါဝင်လုပ်ဆောင် သင့်ကြောင်း စောစံငြိမ်းသူက သုံးသပ်ပြောကြားသည်။

“အခု တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နေတဲ့ နေရာမှာလည်း ဆရာမ စောမြရာဇာလင်းနဲ့ နော်စီဖိုးရာစိန် နှစ်ယောက်တည်းသာ ရှိနေပါသေးတယ်”ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် အမျိုးသမီးထု၏ အခန်းကဏ္ဍကို နှိုင်းယှဉ်၍ စောစံငြိ်မ်းသူက သုံးသပ်ပြောကြားသည်။

ယခုကဲ့သို့ ကဏ္ဍတိုင်းတွင် အမျိုးသားများထက် အမျိုးသမီးဦးရေပါဝင်မှုနည်းပါးလာခြင်းမှာ အမျိုးသမီး များသည် အမျိုးသားများထက် ယခုနောက်ပိုင်း အရည်အချင်းနည်းလာသည့်အတွက်ဖြစ်ကြောင်း ရခိုင်စာရေး ဆရာမ တစ်ဦးဖြစ်သော ပံသုခင်က ယင်းနေ့အခမ်းအနားတွင် သုံးသပ်ပြောကြားသည်။

“ မိခင်တွေအရည်အချင်းရှိတဲ့ ခေတ်မှာ ကမ္ဘာကြီးမှာ မိခင်အုပ်စိုးသောခေတ်ဆိုပြီး ပေါ်ပေါက်ခဲ့ပြီး အမျိုး သမီးတွေ အရည်အချင်းနည်းလာတဲ့အခါကျတော့ ယောကျ်ားတွေအုပ်ချုပ်တဲ့ခေတ်ကိုရောက်သွားပါတယ်”ဟု ယင်းက ဆိုသည်။

အမျိုးသမီးများအနေဖြင့် မည်သည့်အခန်းကဏ္ဍထဲတွင်ပါဝင်နေသည်ဖြစ်စေ ကိုယ်ခန္ဓာကြံ့ခိုင်၍ ရုပ် ရည်လှပမှုရှိကာ ဦးနှောက်ဉာဏ်ပညာဖွံ့ဖြိုးရန်လည်းလိုအပ်ပြီး ရုပ်ရည်လှပမှုရှိရမည်ဆိုရာ၌ အပြင်ပန်းအလှ အပြင် ကိုယ်ကျင့်တရားအလှ၊ အရည်ချင်းအလှနှင့်စိတ်ဓာတ်လှပမှုပါရှိရမည်ဖြစ်ကြောင်း စာရေးဆရာမ ပံသုခင်က ရှင်းပြသည်။

မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အမျိုးသားများနည်းတူ အမျိုးသမီးများလည်း တန်းတူပါ ဝင်ဆောင်ရွက်သင့်သည်ဆိုသည်ကို အထက်ပါပုဂ္ဂိုလ်များက စက်တင်ဘာလ ၂၁ ရက်နေ့ကကျရောက်သော အကြိမ် ၃ဝ မြောက် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ယခုကဲ့သို့သုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်တွေတွင်ပြုလုပ်ခဲ့သည့် အဆိုပါနေ့အထိမ်းအမှတ်အခမ်းအနားများကို နှစ်နေရာခွဲ၍ ကျင်းပခဲ့ကြသည်။ စစ်တွေမြို့၊ လမ်းမတော်တောင်ရပ်ကွက်ရှိ ဓမ္မာရုံတွင် ရခိုင်ပြည်လုံးဆိုင််ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)က ဦးဆောင်ပြုလုပ်ခဲ့ပြီး စစ်တွေမြို့ရှိ ပြည်လုံးချမ်းသာ ဘုရားကြီးသိမ်တွင်ပြုလုပ်ခဲ့သောအဆိုပါ အခမ်းအနားကို ရခိုင်အမျိုးသမီးများ အစည်းအရုံး(RWU)က ဦးဆောင်ပြုလုပ်ခဲ့ကြသည်။

ယင်းအခမ်းအနားများသို့ ရဟန်းသံဃာတော်များနှင့် သီလရှင်များအပါအဝင် စာရေးဆရာများ၊ ရခိုင် အမျိုးသားပါတီ (ANP)ဗဟိုကော်မတီဝင်များ၊ ရခိုင်အမျိုးသမီးများကွန်ရက်၊ ရခိုင်ပြည်လုံးဆိုင််ရာ ကျောင်းသား နှင့်လူငယ်များအစည်းအရုံး၊ ရခိုင်အမျိုးသမီးများအစည်းအရုံး၊ စစ်တွေမြို့ပေါ်ရှိ ရခိုင်အမျိုးသမီးများနှင့် စိတ်ပါ ဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

“လူ့လောကမှာ စိတ်ပူပင်မှုမရှိဘဲနေရတာဟာ ငြိမ်းချမ်းရေးပဲ။ စိတ်စိုးရိမ်မှု မရှိဘဲနေရတာဟာ ငြိမ်းချမ်းရေးပဲ။ စိတ်ဖိစီးမှုမရှိဘဲနေရတာဟာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းမှုမရတာဟာ စစ်ပွဲတွေဖြစ်နေတဲ့အတွက်ပဲ။ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်နေတဲ့အတွက်ပဲ”ဟု စာရေးဆရာ ဗဂျီးကျော်(စစ်တွေ)က ပြည်လုံးချမ်းသာဘုရားကြီးသိမ်တွင်ပြု လုပ်သော အခမ်းအနားတွင် ငြိမ်းချမ်းရေး၏ အဓိပ္ပာယ်ကို ဖွင့်ဆိုပြောကြားခဲ့သည်။

ရခိုင်အမျိုးသမီးအစည်းအရုံးက စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးသိမ်တွင် အခမ်းအနား မပြုလုပ်မှီ လူ ၂၀၀-ကျော်ဖြင့် စစ်တွေမြို့ကို စီတန်းလမ်းလျှောက်ပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အကြိမ် ၃ဝ မြောက်ရှိပြီဖြစ်သော အဆိုပါအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်ပွဲကို စစ် တွေမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

Most read this week