ဘန်ကောက်ရောက် မြန်မာအင်အားစု တရုတ်နှင့် ရုရှသံရုံးရှေ့ ဆန္ဒပြ

ဘန်ကောက်ရောက် မြန်မာအင်အားစု တရုတ်နှင့် ရုရှသံရုံးရှေ့ ဆန္ဒပြ
by -
ဇော်ကြီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်နှင့် ရုရှ နှစ်နိုင်ငံသံရုံးရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီခွဲ အချိန်က ပြည်ပ ရောက် မြန်မာအဖွဲ့အစည်း ၅ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားသည့် Burmese Democratic Network (BDN) အဖွဲ့မှ အင်အား(၇ဝ)ကျော် ဆန္ဒပြခဲ့ ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တရုတ်နှင့် ရုရှ နှစ်နိုင်ငံသံရုံးရှေ့တွင် ယနေ့ နံနက် ၁ဝ နာရီခွဲ အချိန်က ပြည်ပ ရောက် မြန်မာအဖွဲ့အစည်း ၅ ဖွဲ့ပူးပေါင်းဖွဲ့စည်းထားသည့် Burmese Democratic Network (BDN) အဖွဲ့မှ အင်အား(၇ဝ)ကျော် ဆန္ဒပြခဲ့သည်။   

စစ်အစိုးရ၏ ဥပဒေမဲ့ လုပ်ရပ်များကိုဖော်ပြခဲ့ပြီး တရုတ်နှင့် ရုရှနှစ်နိုင်ငံတို့သည် မြန်မာ စစ်အစိုးရအား ကူညီ နေမှုများကို ရပ်ဆိုင်းပေးရန် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်ဟု  ပြည်ပရောက် ဗမာကျောင်းသားများအဖွဲ့ မှ ကို သန်းဖေက အခုလိုပြောသည်။

“ကျနော်တို့တောင်းဆိုချက်ကတော့ ဒီမှာဖော်ပြထားတာပေ့ါနော်။ ဒီ ၈၈ ကနေ ကနေ့အထိပေ့ါနော် စစ်အစိုးရက ဥပဒေချိူးဖောက်နေတဲ့ဟာကို ကျနော်တို့ဖော်ပြခဲ့တယ်။ နံပါတ် ၂ ကျတော့ တရုတ်နဲ့ ရုရှက ဒီမြန်မာအစိုးရကို အစစအရာရာမှာ ဖိအားပေး နေတယ်။ အဲဒီဟာကို ကျနော်တို့ကန့်ကွက် တယ်။ ဗမာပြည်တွင်းရေးဟာ ပြည်တွင်းက ဖြေရှင်းပေ့ါနော်။ တရုတ် အနေနဲ့ ရုရှအနေနဲ့ ဝင်စွက် စရာအကြောင်းမရှိဘူးပေါ့နော်။ အဲဒီဟာကို ရပ်စဲဖို့ ကျနော်တို့ တောင်းဆိုတယ်ခင်ဗျ။”

BDN အဖွဲ့ ကြေငြာချက်ကို သက်ဆိုင်ရာ သံရုံးများသို့ ပေးပို့ခဲ့ရာ တရုတ်သံရုံးမှ လက်မခံသော်လည်း ရုရှသံရုံး က လက်ခံကာ သံရုံးအရာရှိက အထက်သို့တင်ပြပေးမည်ဟု ပြောဆိုသည်။   

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တမ်းကုန်ဆုံးမည့် ယခုမေလ ၂၇ ရက်နေ့တွင် လည်း မြန်မာသံရုံးရှေ့ တွင် ထပ်မံ ဆန္ဒပြရန် စီစဉ်ထားသည်ဟု ကိုသန်းဖေက ပြောသည်။

အလားတူ ထိုင်းနှင့်မြန်မာနယ်စပ် မြဝတီ၊ မဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားထိပ်တွင် မဲဆောက်ရောက် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသည့် Joint Action Committee (JAC)အဖွဲ့က အင်အား ၅ဝ ခန့် သည် ယနေ့ မွန်းတည့်ချိန်က ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။

မြန်မာစစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် မှားယွင်းစွာစွဲချက်တင်ထားမှုနှင့် တရားရေးဆိုင်ရာဆုံးဖြတ် ချက်များအား ယုံကြည်မှုမရှိသည့်အတွက် ဆန္ဒပြတောင်းဆို ခြင်း ဖြစ်သည်ဟု ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့့သည့် ဆရာတော် အရှင်ဣန္ဒက က  ယခုလို မိန့်ကြားသည်။

“နအဖရဲ့ဥပဒေဟာ ပါးစပ်ထဲမှာရှိတယ်။ အရက်သမားဥပဒေပဲဗျ။ အရက်သမားတွေဟာ သူတို့ပါးစပ် ထဲမှာ ထွက်ချင်သလိုထွက်ပြီးတော့ ပြောတဲ့ စကားလုံးတွေဖြစ်တဲ့အတွက် ဒီဥပဒေကို ဦးဇင်းတို့ အယုံအကြည်မရှိဘူး။ ဒါကြောင့်မို့လို့ ဦးဇင်းတို့ကတရားစီရင်ရေးကို အယုံအကြည်မရှိဘူးဆိုတာကို  လွတ်လွတ်လပ်လပ်နဲ့ ထုတ်ဖော်ပြတာဖြစ်တယ်။”

ဆန္ဒပြသည့်နေရာအား နယ်စပ်ဖြတ်ကျော်ထားသည့် တံတားထိပ်၌ရွေးချယ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သူ Free Burma Project အဖွဲ့မှ စောမူဆေးက ယခုလိုပြောသည်။

“ကျနော်တို့အနေနဲ့က ဟိုဖက်ခြမ်းမှာက နအဖ ပိုင်တဲ့နယ်မြေရှိတယ်။ နအဖပိုင်တဲ့နယ်မြေ ရှိတယ်ဆို တော့ ကျနော်တို့က အဓိကမတ်တတ်ရပ်ပြီးတော့ သူတို့ကို လှမ်းပြီးတော့ တောင်းဆိုတယ်။ ကြွေး ကြော်သံတွေနဲ့ သိုက်သိုက်ဝန်းဝန်းနဲ့ တောင်းဆိုတာဖြစ်တယ်။ ဆိုတော့ ထိုင်းနိုင်ငံထဲမှာတောင်းဆို တာမဟုတ်ဖူး။ ကျနော်တို့ ထိုင်းနိုင်ငံအထဲကနေ ချီတက်သွားပြီးတော့ ဟိုးဖက်ကမ်းကို ကျနော်တို့က လှမ်းပြီးတော့ တောင်းဆိုတာဖြစ်တယ် ခင်ဗျ။”

ယနေ့ပြုလုပ်သည့် ဘန်ကောက်နှင့် မဲဆောက်ရှိ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားထိပ် ဆန္ဒပြပွဲများ၌ ထိုင်း အာဏာပိုင်များမှ ဟန့်တားပိတ်ပင်မှုမရှိသည့်အတွက် မိမိတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ကြသည်ဟု ဆန္ဒ ပြသူများကပြောသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မေလ ၂၂ ရက်နေ့ကလည်း ဘန်ကောက်ရှိမြန်မာသံရုံးရှေ့တွင် ထိုင်းနိုင်ငံရောက် သံဃာတော် များ ဦးဆောင်၍ အင်အား ၄ဝ ခန့်က ဆန္ဒပြခဲ့သည်။

Most read this week