မြောက်ဦးမြို့တွင် ခိုးမှုများ ဆက်တိုက်ဖြစ်ပွား

မြောက်ဦးမြို့တွင် ခိုးမှုများ ဆက်တိုက်ဖြစ်ပွား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မြောက်ဦးမြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှုများဆက်တိုက်ဖြစ်ပေါ် လျက်ရှိကြောင်း သတင်း ရရှိသည်။

ယခုလ ၁၉ ရက်နေ့ည တစ်ညတည်းတွင် မြောက်ဦးမြို့တွင်းရှိ ရွှေတောင်ရပ်ကွက်၊ ကန်လှရပ်ကွက်နှင့် ဝသဲ ရပ်ကွက်တို့ရှိ နေအိမ်အချို့၌ ရွှေငွေလက်ဝတ်ရတနာများ အခိုးခံရမှုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ခိုးမှုကျူးလွန် သူများ အထဲဲတွင် အမျိုးသမီးတစ်ဦးလည်း ပါဝင်နေသည်ကို ကြားသိ နေရကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

Mrauk-U-Princess-Resort-Waterfront2-Mrauk-U-Myanmar-D

“ရွှေတောင်ရပ်ကွက်ကပဲ ၂ သိန်းကျော်လောက်ပါသွားပါတယ်။ ဝသဲရပ်ကွက်မှှာတော့ တစ်အိမ်က နှစ်သောင်းနဲ့ ကျန်တစ်အိမ်က ခြောက်သောင်းဖိုးလောက်ပါသွားတယ်။ ကန်လှရပ်ကွက်မှာတော့ အိမ်ရှင်တွေ နိုးသွားလို့ ဘာမှတော့ပါမသွားဘူးဗျ။ ခိုးတဲ့အထဲမှာ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့လိုက်ရတယ်လို့ ပြောပါတယ်”ဟု မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်နေ ကိုတိုးအောင်က ပြောသည်။

ယင်းအမှုများအနက် စက်တင်ဘာလ ၁၈ ရက်နေ့က မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်နေ ကျောင်းဆရာမ တစ်ဦး၏ နေအိမ်မှအခိုးခံရမှုတွင် ကျပ်သိန်းနှစ်ဆယ်ကျော်ခန့်ရှိ ရွှေငွေလက်ဝတ် ရတနာများ အခိုး ခံခဲ့ရကြောင်း မြောက်ဦးမြို့ခံများက ပြောသည်။

“ဒီအမှုတွေထဲမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဗန္ဓုလရပ်ကွက်က ကျောင်းဆရာမတစ်ယောက်ရဲ့ အိမ်က အခိုးခံရမှုဟာ ဆုံးရှုံးအများဆုံးလို့ သိရပါတယ််”ဟု ရခိုင်လူမှုကွန်ရက်(မြောက်ဦး)မှ ဦးမောင်ကျော်ဇော က ဆိုသည်။

ယင်းသို့ ခိုးမှုများဆက်တိုက်ဖြစ်ပွားနေသည်မှာမှန်ကန်ပြီး လက်ရှိအချိန်ထိ တရားခံတစ်ဦးတစ်ယောက် ကိုမှ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း မြောက်ဦးမြို့မရဲစခန်းမှ နယ်ထိန်း ဦးကျားကြီးက အတည်ပြုပြောသည်။

“အမှုက နှစ်မှုလောက်ပါပဲ။ ဒီနေ့အချိန်ထိ တရားခံဘယ်သူဘယ်ဝါဆိုတာ မသိရှိရသေးဘူးခင်ဗျ။ ဆုံးရှုံးမှု တန်ဖိုးကတော့ အမှုတစ်ခုစီမှာ တစ်သိန်းကျော်၊ နှစ်သိန်းလောက်ပဲရှိပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်”ဟု သူကဆိုသည်။

ယခုကဲ့သို့ ခိုးမှုများပိုမိုဖြစ်ပွားလာရခြင်းမှာ ဒေသတွင်းဆင်းရဲနွမ်းပါးမှုအပြင် ဒေသခံများ၏ ပေါ့ဆမှုနှင့် တံခါးများကို ဂရုတစိုက် အလုံပိတ်မထား၍ ဖြစ်ကြောင်း ဦးကျားကြီးက သုံးသပ်ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး ရွှေငွေလက်ဝတ်ရတနာများအခိုးခံခဲ့ရသူ မြောက်ဦးမြို့၊ ဗန္ဓုလရပ်ကွက်နေ ကျောင်း ဆရာမ က “အိမ်မှာက အမေနဲ့ကျွန်မနှစ်ယောက်တည်းနေတာပါ။ ကျွန်မက အိမ်အပေါ်မှာ အိပ်ပြီးတော့ အသက် ရဝ ကျော်နားမကြားတဲ့ ကျွန်မအမေက အိမ်အောက်မှာ အိပ်ပါတယ်ရှင့်။ သူခိုးက တစ်အိမ်လုံးကိုမွှေ သွားတာပါ။ ဆုံးရှုံးမှုတန်ဖိုးက သိန်းနှစ်ဆယ်ကျော်ပါတယ်” ဟု နိရဥ္စရာသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့်အပတ်ကလည်း မြောက်ဦးစျေးထဲရှိ Handset အရောင်းဆိုင်ခန်း တစ်ခန်း ဖောက်ထွင်း ခံခဲ့ရသည့်အတွက် ကျပ် ၁ဝ သိန်းကျော်ဖိုးဆုံးရှုံးသွားကြောင်းလည်း မြောက်ဦးမြို့ခံများက ဆိုသည်။

ခရိုင်မြို့တစ်မြို့ဖြစ်သည့် မြောက်ဦးမြို့တွင် ရဲတပ်ရင်းတစ်ရင်းချထားပြီး တစ်ခါတရံ ညအချိန်ကင်း လှည့်မှုများရှိနေသော်လည်း ယခုကဲ့သို့ခိုးမှုများဆက်တိုက်ဖြစ်ပွားနေမှုကြောင့် ဒေသခံများအနေဖြင့် မလုံခြံုသ လိုခံစားနေကြရပြီး ညအချိန် ကောင်းမွန်စွာ မအိပ်စက်နိုင်ဘဲ ဖြစ်နေကြရကြောင်းလည်း မြောက်ဦးမြို့ခံများက ပြောကြားကြသည်။

Most read this week