၁၅နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်သည့် တပ်မတော်သားကို ရုံးထုတ်စစ်ဆေး

၁၅နှစ်အရွယ် အမျိုးသမီးငယ်အား အဓမ္မပြုကျင့်သည့် တပ်မတော်သားကို ရုံးထုတ်စစ်ဆေး
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ်ဂွတ်ကျေးရွာမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် အစိုးရ စစ်တပ်မှ ရဲဘော် ကောင်းဘိုဘို အမှုကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

မူဆယ်-ကွတ်ခိုင်ကားလမ်းပေါ်ရှိ နမ်ဂွတ်ကျေးရွာသူ မိန်းကလေးငယ်အား အစိုးရ တပ်ရင်း ခမရ ၅၆၇ တပ်ဖွဲမှ ရဲဘော် ကောင်းဘိုဘိုက အဓမ္မပြုကျင့်ခဲ့သဖြင့် ကွတ်ခိုင်စစ်ဗျူဟာ စစ်ခုံရုံးတွင် စစ်ဆေးခဲ့ပြီး ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ပြီးဖြစ်သော်လည်း စစ်ခုံရုံးမှ အရပ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးပါရန် မိန်းကလေးငယ်၏ မိဘနှင့် ရှမ်းပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအမျိုးသမီးအဖွဲ့က တောင်းဆိုခဲ့သဖြင့် မူဆယ်ခရိုင်တရားရုံးတွင် စတင်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ မိန်းကလေးနဲ့ မိဘနှစ်ပါးကို တလှည့်စီမေးမြန်းစစ်ဆေးတယ်။ နောက်ရွာလူကြီးနဲ့ အဒေါ်တွေကို မေးတယ်။ တရားခံ ကိုလည်း မှန်မမှန် နားထောင်ခိုင်းတယ်။ သူကတော့ ပါးစပ်မပိတ်ဘူးဆိုပြီး ငြင်းတယ်။ တခြားတော့ သူမှားတယ်ဆိုပြီး ဝန်ခံတယ်” ဟု ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအမျုုိးသမီးအဖွဲ့ တွဲဘက်အတွင်းရေးမှူး (၁) ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က ဖြစ်ပွားမှုကို လေး လကျော်အကြာ စက်တင်္ဘာလ ၁၉ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီထိ မူဆယ်ခရိုင် တရားသူကြီး ဦးခင်မောင်ဝင်းက တရားလို မိသားစုများကို စစ်ဆေးမြန်းခဲ့ပြီး လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရုံးချိန်းပေးလိုက်သည်ဟု သိရသည်။

ရဲဘော် ကောင်းဘိုဘိုအား ကွတ်ခိုင် စစ်ဗျူဟာ စစ်ခုံရုံးမှ စည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ပြီး အရပ်ဘက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ရာ တရားလိုဘက်မှ တောင်းဆိုခဲ့သဖြင့် လက်ရှိ တရားခံ ရဲဘော် ကောင်းဘိုဘိုကို ပြစ်မှုဆိုင်ရာဥပဒေ အဓမ္မ ပြုကျင့်မှု ပုဒ်မ ၃၇၆ နှင့် သဘောမတူဘဲ ခိုးယူပေါင်းသင်းမှု ပုဒ်မ ၃၆၃ တို့ဖြင့် တရားစွဲဆိုထားသည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။

“ဒီကိစ္စကို ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ပေးပါ။ ထိရောက်စွာ ဥပဒေနဲ့အညီ ဟန့်တား အရေးယူပေးပါ။ အဲဒီအချိန်ကျမှ ကျမတို့ ပြည်သူတွေနဲ့ စစ်တပ်တွေ ကျေနပ်မှုရမယ်ပေါ့။ အဲဒီကနေ သူတို့ ရဲဘော်ကို စစ်ဆေးခဲ့တယ်။ စခန်းမှူးကို မေးတော့ စစ်ခုံရုံးမှာမှာ တစ်နှစ်ချတယ်။ သူက အရပ်သားနဲ့ ပြစ်မှားတာ ဖြစ်တဲ့အတွက် အရပ်ဘက်က ပြစ်ဒဏ်လည်း ခံရသင့်တယ်ဆိုပြီး အစကတည်းက တောင်းဆိုထားတယ်” ဟု ဟု သူက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် အမျိုးသမီးငယ်သည် စျေးဝယ်ပြီး အပြန်လမ်း တစ်နေရာတွင် တရားခံ ကောင်းဘိုဘိုက ခြံုတောသို့ ဖမ်းဆီး ခေါ်ဆောင်သွား၍ အဓမ္မပြုကျင့်ခဲ့သဖြင့် နောက်တစ်နေ့ မေလ ၁၇ ရက်နေ့တွင် မိန်းကလေး၏ မိဘများက ရှမ်းပြည်နယ် ကချင်စာပေနှင့် ယဉ်ကျေးမှု အမျိုးသမားအဖွဲ့သို့ သွားရောက် အကူအညီတောင်းခဲ့သဖြင့် ကွတ်ခိုင်ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အစောပိုင်းတွင် ၎င်းစိုးရ တပ်ရင်းမှ စစ်ကြောင်းမှူးက အမှုကို ငွေပေး၍ ကျေအေးသွားရန် ပြောဆိုခဲ့သော်လည်း မိဘများက နောက်နောင် အဆိုပါ ပြဿနာမျိုး မဖြစ်စေရန်ကွတ်ခိုင်မြို့နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုမှ အမျိုးသမီးအဖွဲ့ထံ သွားရောက် အကူအညီတောင်းခံခဲ့သည်ဟု မိန်းကလေးငယ်၏ ဖခင် ဦးဂမ်းဂမ် (အမည်ပြောင်း) က ပြောသည်။

“အစကအစိုးရ စစ်တပ်က ကျနော်တို့ တောင်းသလောက် ပေးမယ်။ ကျေအေးအောင်လုပ်ရအောင်ဆိုပြီး ပြောလာတယ်။ ကျနော်တို့က အကုန်လုံးသိသွားပြီ အရှက်ရနေပြီဆိုတော့ အမျိုးသမီးအဖွဲ့ကို အကူအညီ တောင်းဆို လိုက်တာပါ။ ကျနော်ပြောချင်တာက အခုလို အဖြစ်အပျက်မျိုး မဖြစ်အောင် လုပ်တာရပါ” ဟု ဦးဂမ်းဂမ်က ပြောသည်။

တရားရုံးတွင် အခင်းဖြစ်ပွားခဲ့မှုကို တရားသူကြီးက စစ်ဆေးခံခဲ့ပြီး သမီးဖြစ်သူသည် ကျန်းမာရေး ကောင်မွန် နေသော်လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေပြီး ကြောက်လန့်နေသည်ဟု ဖခင်ဖြစ်သူ ဦးဂမ်းဂမ်က ပြောသည်။

“ကလေးက နေကောင်းတယ်။ စိတ်ဒဏ်ရာရှိနေတယ်။ သာမန်နဲ့မတူဘူး။ တရားခံ ရဲဘော်ကို တွေ့လို့ ပိုကြောက်သွားတယ် ထင်တယ်” ဟု သူက ပြောသည်။ အစိုးရစစ်တပ်မှ တရားဥပဒေအရ အရေးယူပေးရန် တောင်းဆို ရခြင်းမှာ နောက်နောင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်သည့် ပြဿနာများ မဖြစ်ပွားစေရန် အတွက် လုပ်ဆောင်ရ ခြင်း ဖြစ်သည်ဟု ဦးဂမ်းဂမ်က ပြောဆိုသည်။

အလားတူ တရားခံ ရဲဘော်ကောင်းဘိုဘိုသည် အရပ်သားကို ပြစ်မှားခဲ့သဖြင့် အရပ်ဘက်မှ တရားဥပဒေနှင့်အညီ ပြစ်ဒဏ် ကျခံသင့်သည်ဟု ဆိုကာ ၎င်းတို့ဘက်မှ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ဒေါ်ဇဒေါင်လွမ်းညွယ်က ပြောသည်။

“ဒီကိစ္စက ရန်လိုတဲ့စိတ်နဲ့ လုပ်ပေးတာ မဟုတ်ဘူး။ အရေးကြီးတာက ကျေးရွာတွေမှာနေနေတဲ့ အမျိုးသမီးတွေ လုံခြံုမှုရဖို့၊ နောက်နောင် အမျိုးသမီးတွေ လုံခြံုမှုရအောင်ဆိုပြီး ကြိုးပမ်းနေတာဖြစ်တယ်။ အမုန်းတရားတော့ မရှိဘူး။ ကျမတို့ အမျိုးသမီးတွေကို အကာအကွယ်ရအောင် လုပ်ပေးတာ ဖြစ်တယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သတ်၍ အစိုးရ စစ်တပ်က အရပ်ဘက်သို့ လွှဲပြောင်း စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ် အရေးယူပေးခြင်းလည်း ဖြစ်သည်ဟု သူက ပြောဆိုသည်။

Most read this week