ရခိုင်အမျိုးသားပါတီညီလာခံသို့ ကိုယ်စားလှယ် ၂၀၂ ဦးတက်ရောက်မည်

ရခိုင်အမျိုးသားပါတီညီလာခံသို့ ကိုယ်စားလှယ် ၂၀၂ ဦးတက်ရောက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စတင် ကျင်းပပြုလုပ်ရန်  စီစဉ်ထားသည့် ရခိုင်အမျိုးသားပါတီ ညီလာခံသို့ ကိုယ်စားလှယ် ၂၀၂ ဦးတက်ရောက်မည်ဟု သတင်း ရရှိသည်။

“ ကျွန်တော်တို့ ၂၀၄ ဦးတက်ရောက်ဖို့ စီစဉ်ထားပေမဲ့  ၂ ဦး ကွယ်လွန်သွားတဲ့အတွက် ၂၀၂ ဦးတက်ရောက်မှာ ဖြစ်ပါတယ်။ ဂုဏ်သရေရှိလူကြီးတွေနဲ့ ဖိတ်ကြားသတင့်တဲ့ သံတွဲမှာရှိတဲ့ မြို့မိမြို့ဖ ၅၀ ခန့်ကိုလည်း တက်ရောက်ဖို့အတွက် ကျွန်တော်တို့ ဖိတ်ကြားထားပါတယ်။ အားလုံးပေါင်းလိုက်ရင်တော့ ၂၅၀ ခန့် တက်မယ်လို့ ခန်းမှန်းရပါတယ်” ဟု ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးလှမြင့်က သံတွဲသို့ ရန်ကုန်မှ မထွက်ခွာမီ စက်တင်ဘာ ၁၉ ရက်နေ့က ပြောကြားသည်။

ညီလာခံ အစီအစဉ်များနှင့် ပတ်သက်ပြီးလည်း ဦးလှမြင့်က ယခုလို ပြောသည်။

“ ကျွန်တော်တို့ ညီလာခံမှာ မြို့နယ်တွေက အစီရင်ခံစာတွေကို ဖတ်ကြားမယ်။ မြို့နယ်တွေမှာ ဘာတွေလိုနေတယ်။ ဘာတွေဖြစ်နေတယ်ဆိုတဲ့ အစီရင်ခံစာတွေရှိပါတယ်။ နောက်တ ခုက ပါတီဖွဲ့စည်းပုံကို ကျွန်တော်တို့ အဲဒီညီလာခံမှာ ဆွေးနွေးမယ်။ နောက်တခုက လွတ်တော်ကိုယ်စားလှယ်တွေ အမျိုးသားလွတ်တော်၊ ပြည်သူ့လွတ်တော်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့အခါ ဘယ်မူနဲ့ ကျွန်တော်တို့ ရွေးချယ်မှာလည်း ဆိုတာကို ဆွေးနွေးမှာပါ” ဟု ဆိုသည်။

ညီလာခံဖွင့်ပွဲအား စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်တွင် သံတွဲမြို့ လေးမျက်နှာဘုရားကုန်းမှာ ဖွင့်လှစ်မည် ဖြစ်ပြီး ငပလီကမ်းခြေတွင် ၂၅ ရက် နေ့ နေ့လည်ပိုင်းကစပြီး ညီလာခံစတင်ပြုလုပ်မည်ဖြစ်သည်။ ညီလာခံမှာ ၂၉ ရက်နေ့တွင် ပြီးဆုံးမည်ဟု သိရသည်။

ညီလာခံတွင် ပါတီ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးတွေကို ရွေးချယ်သွားမည့် အစီအစဉ်များကိုလည်း သူက ယခုလို ပြောဆိုသည်။

“ ပါတီဖွဲ့စည်းပုံဖြစ်တဲ့အတွက် ပါတီရဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး အပါအဝင် ပါတီမှာလိုအပ်တဲ့ အားလုံး ဘဏ္ဍာရေးမှူးကအစ (CEC) (CC) တွေကိုပါ ရွေးချယ်နိုင်ဖို့အတွက် ကျွန်တော့်တို့ စီစဉ်ထားတာ ရှိပါတယ်။” ဟု ပြောသည်။

ညီလာခံနှင့် ပတ်သတ်ပြီးလည်း  ရခိုင်ပြည်သူများကို ဦးလှမြင့်က ယခုလို ပြောဆိုသွားသည်။

“ ဒီညီလာခံဟာ ရခိုင်သမိုင်းမှာ တစ်ကြိမ်တခါမှ မဖြစ်ပေါ်သေးတဲ့ ညီညွတ်မှုတခုကို တည်ဆောက် လာတဲ့အတွက် ဒီညီလာခံမှာ ကျွန်တော်တို့ ရည်မှန်းထားတဲ့အတိုင်းဖြစ်ဖို့ မျှော်လင့်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်သူတွေ ရခိုင်နိုင်ငံရေးပါတီတွေ ညီညွတ်မှုကို လိုလားတဲ့ဆန္ဒနဲ့အညီ ခေါင်းဆောင်တွေကလည်း ညီညီညွတ်ညွတ်နဲ့လုပ်မှ ရမယ်ဆိုတဲ့ဆန္ဒနဲ့ပေါင်းစပ်ပြီး ကျွန်တော်တို့ ကျင်းပမှာဖြစ်တဲ့အတွက် ပြည်သူတွေ ဆန္ဒနဲ့ ပြည့်စုံမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

Most read this week