ရုပ်ရှင်သရုပ်ရှင်များပါ၀င်သော ရခိုင်ရိုးရာ ရှင်ပြု၊ သမက်တက် သရုပ်ပြပွဲ စစ်တွေတွင် ပြုလုပ်

ရုပ်ရှင်သရုပ်ရှင်များပါ၀င်သော ရခိုင်ရိုးရာ ရှင်ပြု၊ သမက်တက် သရုပ်ပြပွဲ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ

နာမည်ကြီး ရုပ်ရှင်သရုပ်ရှင်များ၊ အဆိုတော်များနှင့် မော်ဒယ်လ်များ ပါ၀င်သော ရခိုင်ရိုးရာ သမက်တက် (မင်္ဂလာဆောင်) သရုပ်ပြပွဲ တစ်ခုကို စစ်တွေမြို့တွင် ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်များဖြစ်သော အကယ်ဒမီရန်အောင်၊ မိုးယံဇွန်၊ နေဒွေး၊ ခိုင်သင်းကြည်၊ အိချောပိုတို့ အပါအဝင် ရခိုင်အနုပညာရှင်များဖြစ်ကြသည့် ရတနာမိုင်၊ ရိုတနှင့် အခြား ရခိုင်သရုပ်ဆောင်အသစ်များနှင့် မော်ဒယ်လ် (၃၀) ခန့် တင်ဆက် သရုပ်ပြခဲ့ကြသည်။

Wedding

ရခိုင်ရိုးရာ ရှင်ပြုသရုပ်ပြတွင် ရုပ်ရှင်မင်းသား အကယ်ဒမီရန်အောင်က ကိုရင်ဖနှင့် ခိုင်သင်းကြည်က ကိုယ်ရင်မိ အဖြစ်သရုပ်ဆောင်ခဲ့ပြီး ရခိုင်သမက်တက် (မင်္ဂလာဆောင်)တွင် သတိုးသားအဖြစ် ရဝေအောင်နှင့် သတိုးသမီး အဖြစ် ရတနာမိုင်၊ သတိုးသမီးအရံများအဖြစ် ရုပ်ရှင်သရုပ်ဆောင်များနှင့် စစ်တွေဒေသခံရခိုင် လှပျိုဖြူများနှင့်၊ သတိုးသားအရံအဖြစ် စစ်တွေဒေသခံ ရခိုင်လူငယ်များက သရုပ်ဆောင်ခဲ့ကြသည်။

ရခိုင်ရိုးရာ ရှင်ပြုနှင့်သမက်တက်ပွဲများကို ရှေးရခိုင်ရိုးရာအတိုင်းမဟုတ်ဘဲ ပြီးစလွယ်လုပ်လာကြသည့် အတွက် ယခုလို သရုပ်ပြပွဲပြုုလုပ်ရခြင်း ဖြစ်သည်ဟု ပွဲစီစဉ် သူ လှသိင်္ဂီ အလှပြင်ဆိုင်ပိုင်ရှင် ကိုကျော်ကျော်မိုးက ပြောသည်။

“ပြီးစလွယ်လုပ်လာကြတဲ့အတွက် အထူးသဖြင့် ရခိုင်ရိုးရာသမက်တက်ပွဲတွေက မပြည့်စုံဖြစ်နေတာကိုု တွေ့ရှိနေရ တယ်။ ဒါကြောင့် ရခိုင်ရိုးရာ ယဉ်ကျေးမူ အစစ်အမှန်တွေကို တိုင်းရင်းသားပြည်သူတွေ သိရှိစေလိုတဲ့ အတွက် ခုလို တင်ဆက်ရတာပါ”ဟု ပြောသည်။

ရခိုင်လူမျိုးများ၏ခန်းနားထည်ဝါလှသည့် ရိုးရာအစဉ်အလာများကို မြန်မာပြည်ရှိ အခြားတိုင်းရင်သားများကို သိစေချင်သည့်အပြင် ကမ္ဘာ့ပြည်သူများပါသိရှိနိုင်အောင် ယခုကဲ့သို့ဖော်ထုတ်ပြသရခြင်းဖြစ်ကြောင်း ကိုကျော်ကျော်မိုးက ဆက်ပြောသည်။

ရခိုင်ရိုးရာသမက်တက်ခြင်းကို သရုပ်ပြရာ၌ ရခိုင်တို့၏ တကယ့်ရိုးရာသမက်တက်တွင် ပြုလုပ်သည့် အတိုင်း အဆင့်လိုက်ပြုလုပ်ပြသသွားခဲ့ပြီး သမက်ရှင် သမီးရှင်များကို ခြေဝိုင်းခြင်း၊ သျှောင်ဆောင်ခြင်းများကို လည်း ပီပြင်အောင်သရုပ်ဆောင်ပြသခဲ့ကြသည်ကိုတွေ့ရသည်။

သရုပ်ပြပွဲ အခမ်းအနားသို့ တက်ရောက်အားပေးသူ စစ်တွေမြို့ခံဒေါ်သိန်းသိန်းအေးက သူမ၏ ခံစားမူကို ယခုလို ပြောသည်။

“ရခိုင်ရိုးရာ၊ သမက်တက်သရုပ်ပြပွဲဟာ တကယ်ပြည့်စုံပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ပြသမှုအပေါ်မှာ အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ လာရောက်ကြည့်ရှုရတဲ့အတွက်လည်း အများကြီး ၀မ်းသာပီတိဖြစ်မိပါ တယ်။ ကိုယ့်ရခိုင်ယဉ်ကျေးမှုကိုပဲ တကယ်ပဲအားပေးပါတယ်။ ဒီလိုပွဲမျိုးကို နောက်ထပ်အများကြီးပြသစေချင် ပါတယ်” ဟု သုံးသပ် ပြောကြားသည်။

ရခိုင်လူမျိုးတို့သည် ဘီစီ ၃၃၂၅ ခုနှစ်မှ ၁၇၈၄ ခုနှစ်ထိ ကိုယ်ပိုင်ထီးနန်းနှင့်နေလာခဲ့သည့်လူမျိုး တစ်မျိုးဖြစ်ပြီး စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများသည်လည်း ခန်းနားကြီးကျယ်ခဲ့သည်။ တချိန်က ရခိုင်မင်းနေ မြောက်ဦးမြို့သည် အရှေ့တောင်အာရှတွင်သာမက ကမ္ဘာတွင်ပါ ဗီးနက်(စ်)၊ ဒမတ်စကတ်၊ ပါရီ၊ ပီကင်းမြို့တို့ ကဲ့သို့ အချမ်းသာဆုံးနှင့် အလှပဆုံးစာရင်းဝင် မြို့တစ်မြို့ဖြစ်ခဲ့သည်ဟု သမိုင်းအထောက်အထားများအရ သိရသည်။

သို့သော် လက်ရှိကာလတွင် ရခိုင်ပြည်နယ်သည် ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်ဖြစ်သည့် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်နေသည့်အတွက် ရှင်ပြုပွဲ၊ သမက်တက်ပွဲ များကို ရှေးရိုးရာအစဉ် အလာအတိုင်း လိုက်နာလုပ် ဆောင်ခြင်းမရှိတော့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဗမာပြည်ကလာပြီးတော့ ကြည့်ရတာမမြင်ဖူးတာတွေကိုမြင်ရတာပေါ့။ မတွေ့ဖူးတာတွေ တွေ့ရတာပေါ့။ ရခိုင်ယဉ်ကျေးမှုနဲ့ ရိုးရာတွေကို ဒီရောက်မှ လေ့လာရတာပေါ့။ ရခိုင်ဆိုတာလဲတိုင်းရင်းသားပါပဲ။ ကျွန်တော်တို့ မြန်မာ တိုင်းရင်းသားတွေက ရခိုင်ယဉ်ကျေးမှုကို အားပေးတယ်ပေါ့။ ဒီလိုပွဲမျိုးဟာလဲ လုပ်ဖြစ်ခဲပါ တယ်။ ရခိုင်နဲ့ မြန်မာ မင်္ဂလာဆောင်မှာ အများကြီးကွဲပြားမှုတော့မရှိပါဘူး။ ၀တ်ပုံစားပုံတွေ အနည်းအကျဉ်း လေးကွာဟမှုတော့ ရှိတာပေါ့”ဟု အခမ်းအနားသို့တက်ရောက်လာသူ မြန်မာအမျိုးသားတစ်ဦးက သူ့အမြင်ကို သုံးသပ်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားတွင် ရခိုင်ရိုးရာရှင်ပြု၊ သမက်တက်သရုပ်ပြပွဲအပြင် မြန်မာရိုးရာရိုးရာ မင်္ဂလာဆောင်ဝတ်စုံများ၊ အနောက်တိုင်းမင်္ဂလာဆောင်ဝတ်စုံများကို ၀တ်ဆင်ပြသခြင်းနှင့် အခြားဖက်ရှင်ရှိုး များကိုလည်းပြသခဲ့ကြပြီး ရခိုင်အဆိုတော် စောနှင်းနွယ်၊ ရိုတ၊ ရတနာမိုင်တို့က ရခိုင်သီချင်းများနှင့် ဖျော်ဖြေ တင်ဆက်သည့်အပြင် မြန်မာအဆိုတော်များကလည်း မြူးကြွတေးဂီတများအဖြင့် ပရိသတ်စိတ်ကြိုက် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်ကို တွေ့ရသည်။

ယင်းအခမ်းအနားသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ၀န်ကြီးများ၊ အခြား တာဝန်ရှိသူများနှင့် ပရိသတ် ၅ဝဝ ခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

Most read this week