“အသဲကြားက မဲတပြား” ခံယူထားမူကို စွန့်လွှတ်ရန် နအဖ ကောင်စီဝင် တဦးက ရခိုင်လူထုကို တိုက်တွန်း

“အသဲကြားက မဲတပြား” ခံယူထားမူကို စွန့်လွှတ်ရန် နအဖ ကောင်စီဝင် တဦးက ရခိုင်လူထုကို တိုက်တွန်း
မောင်တောမြို့ သီရိ မင်္ဂလာခမ်းမတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် နအဖ စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက တက်ရောက်လာသူများကို “အသဲကြားက မဲတပြား”ဆိုသည့် ခံယူထားမူကို စွန့်လွှတ်ကြရန်လိုကြောင်း ပြောကြားခဲ့သည်ဟု အခမ်းအနားကို တက်ရောက်ခဲ့သူ တဦးက ပြော ...

မောင်တောမြို့ သီရိ မင်္ဂလာခမ်းမတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် နအဖ စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက တက်ရောက်လာသူများကို “အသဲကြားက မဲတပြား”ဆိုသည့် ခံယူထားမူကို စွန့်လွှတ်ကြရန်လိုကြောင်း ပြောကြားခဲ့သည်ဟု အခမ်းအနားကို တက်ရောက်ခဲ့သူ တဦးက ပြောသည်။

“သူပြောတာကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ ရွှေးကောက်ပွဲက မကြာခင် လာတော့မယ်။ ဘယ်သူဟာ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် လုပ်ကိုင်နိုင်မလဲ။ အဲသလို ပုဂ္ဂိုလ်မျိုးကိုသာ ရွှေးကြ။ ခုလို ရွှေးချယ်မယ်ဆိုရင် စိတ်ခံစားမူနဲ့ ရွှေးချယ်လို့ မရဘူး။ ဥဏှောက်နဲ့ အသေအချာ စဉ်းစားပြီး ရွှေးချယ်ရမယ်။ ဒါကြောင့် “အသဲကြားက မဲတပြား” ဆိုတာနဲ့ လုပ်လို့ မရတော့ဘူး။ ခုလာမယ့် ရွှေးကောက်ပွဲမှာ “ ဥဏှောက်ကြားက မဲတပြား” နဲ့သာ ကိုယ်စားလှယ် လောင်းတွေကို ရွှေးချယ်ကြရမှာ ဆိုပြီး ပြောပါတယ်။”

အဆိုပါ မိန်းခွန်းကို ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှ ယမန်နေ့ နံနက် ၁၁ နာရီက မောင်တောမြို့သီရိ မင်္ဂလာခန်းမတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ကိုကိုသည် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် သောင်းအေးနှင့် အတူ ယမန်နေ့က မောင်တောမြို့သို့ လာရောက် လည်ပတ်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ကိုကိုမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ် တို့၏ အထူးစစ်ဆင်ရေး ဗျူရို ဥက္ကဌ ဖြစ်သည်။

အဆိုပါ ပုဂ္ဂိုလ်က “ အခု တလောမှာ နေပြည်တော်က စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ၊ ဝန်ကြီးတွေ ရခိုင်ကို သိပ်အလာ များနေပါတယ်။ အဓိကတော့ ၂ဝ၁ဝ ခုနှစ် ရွှေးကောက်ပွဲ အတွက် ကြိုတင် ပြင်ဆင်ဖို့ နဲ့ စည်းရုံးရေးအတွက် ဖြစ်ပါတယ် ”ဟု ပြောသည်။

ယမန်နေ့က ဒုတိယ ပြည်ထဲရေး ဝန်ကြီး ဘုန်းဆွေသည်လည်း မောင်တောသို့ ရောက်ရှိခဲ့သည်။

ဒုတ်ိယ ဗိုလ်ချုပ်ကြီး ကိိုကိုနှင့် တိုင်းမှူးသောင်းအေးသည် မောင်တောသို့ မလာမှီ ဘူးသီးတောင် မြို့နယ်တွင် တည်ဆောက်နေသော စိုင်းတင် ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့ပြီး အပြန်တွင် စိုင်တင်ချောင်းဝတွင် တည်ရှိသော ဖုံညိုလိပ် ကျေးရွာတွင် ရွှေးကောက်ပွဲနှင့် ဆိုင်သော လူထု ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။

Most read this week