ဧရာဝတီ မြစ်ဆုံ ရွာ အမည် ပြောင်းရန် အစိုးရမှ လူထုဆန္ဒခံယူပွဲ ပြုလုပ်

ဧရာဝတီ မြစ်ဆုံ ရွာ အမည် ပြောင်းရန် အစိုးရမှ လူထုဆန္ဒခံယူပွဲ ပြုလုပ်
by -
ကေအဲန်ဂျီ

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံသော တန်ဖရဲကျေးရွာကို ဖျက်သိမ်း၍ အောင်မြင်သာစံပြကျေးရွာ အမည် သတ်မှတ်ရေးနှင့် အခြားအမည်သတ်မှတ်ရေးအတွက် မြစ်ကြီးနားမြို့နယ် အစိုးရအဖွဲ့က လူထုဆန္ဒခံယူပွဲ ပြုလုပ်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အစိုးရ၏ ညွန်ကြားချက်အရ စက်တင်ဘာ ၁၁ ရက်နေ့က အောင်မြင်သာ ကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

050310-tanghpre-nawku-jawng

“ရွာအုပ်ချုပ်ရေးအဖွဲ့တွေ ဦးဆောင်ပြီးတော့ အစည်းအဝေးကို မြို့နယ်ကညွန်ကြားချက်အရ ခေါ်လုပ်တယ်။ မြို့နယ်ကနေ ညွန်ကြားလိုက်တဲ့အချက်သုံးချက်ထဲက ရွာသားတွေ အားလုံးက တန်ဖရဲရွာကို ဖျက်သိမ်းတယ်ဆိုတာ သဘောမတူဘူး။ တန်ဖရဲကျေးရွာအုပ်စုရဲ့ တိုးချဲ့ရွာလိုထားမယ်ဆိုတာကို သဘောတူကြတယ်” ဟု ဦးတူးခေါင် က ပြောသည်။

အစည်းအဝေးတွင် (၁) တန်ဖရဲကျေးရွာကို ဖျက်သိမ်း၍ အောင်မြင်သာစံပြကျေးရွာ ဟူ၍ သီးသန့်ထားရန်၊ (၂)တန်ဖရဲကျေးရွာကို မူလအမည်အတိုင်းထားရှိကာ အောင်မြင်သာကျေးရွာကို တန်ဖရဲကျေးရွာအုပ်စုမှ တိုးချဲ့ ကျေးရွာအဖြစ် ထားရှိရန်နှင့် (၃) အောင်မြင်သာကျေးရွာကိုနီးစပ်ရာ ကျေးရွာအုပ်စု အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဟူ၍ ဆန္ဒခံယူမှု ပြုလုပ်ခဲ့သည်ဟု ဦးတူးခေါင် က ပြောသည်။

၎င်းအချက် ၃ ချက်ထဲမှ အချက် (၁)နှင့် (၃)တို့ကို ကန့်ကွက်ခဲ့ကြပြီး အောင်မြင်သာ စံပြကျေးရွာကို တန်ဖရဲကျေးရွာ၏ တိုးချဲ့ကျေးရွာအဖြစ် ထားရှိရန် သဘောတူခဲ့ကြသည်ဟု သူက ပြောသည်။

အောင်မြင်သာကျေးရွာကို အာလမ်တိုက်နယ်အတွင်း ထည့်သွင်းရန် ဆိုသော အချက်ကို ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ သဘောထားဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးရုံးတွင် ပြုလုပ်သောဆန္ဒခံယူသည့် အစည်းအဝးတွင် ဒေသခံ ၂၀၀ ခန့်က တက်ရောက်ခဲ့ပြီး တန်ဖရဲကျေးရွာ ဖျက်သိမ်းမှုကို ကန့်ကွက်ခဲ့သည်ဟု ဒေသခံ ဦးတူးခေါင် က ပြောသည်။

အောင်မြင်သာကျေးရွာ ဒေသခံ ဒေါ်ဂျာခေါန် ကလည်း နှစ်ပေါင်းများစွာ တည်ရှိခဲ့သော တန်ဖရဲကျေးရွာအား ဖျက်သိမ်းမှုကို ကန့်ကွက်ကြောင်း “တန်ဖရဲရွာက တည်ရှိနေရမယ်။ နှစ်နဲ့ချီရှိခဲ့တဲ့ ဒီနာမည်က တစ်ကမ္ဘာလုံး ကလည်း သိနေတဲ့ မြစ်ဆုံဘေးက ရွာဖြစ်တယ်။ ဒီတန်ဖရဲရွာကို ဘယ်လိုဘဲဖြစ်ဖြစ် ဖျက်သိမ်းဖို့ ကျမ သဘောမတူနိုင်ဘူး” ဟု  ပြောသည်။

မြစ်ဆုံရပ်ဆိုင်းရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သော ဒေါ်ဂျာခေါန်နှင့် ဒေါ်လုရာ တို့ မိသားစုကို တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်မိုရေးရှင်း (CPI) ၏ ဆန်ထောက်ပံ့မှုကို ပြီးခဲ့သည့် ဇွန်လကတည်းက ရပ်ဆိုင်းခဲ့ရာ ယခုထိ ထောက်ပံ့မှု မရှိသေးပေ။

ထို့ပြင် တန်ဖရဲကျေးရွာသည် ရှေးယခင် ဘိုးစဉ်ဘောင်ဆက်ကတည်းက တည်ရှိခဲ့သော အမည်ဖြစ်၍ ဖျက်သိမ်းမည့် အစီအစဉ်ကို သဘောမတူဘဲ တန်ဖရဲကျေးရွာ မဖျောက်ဖျက်စေရန် ကချင်လူထု၏ ဒေသဖြစ်၍ အားလုံး ဝိုင်းဝန်းကာကွယ်ကြရန် ဒေသခံ ဦးတူးခေါင် က တိုက်တွန်း ပြောဆိုသည်။

၂၀၀၉ ခုနှစ်မှစတင်၍ မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲကျေးရွာ၏ တောင်ဘက် ၉  မိုင်ခန့် အကွာအဝေးတွင် တန်ဖရဲကျေးရွာသည်လည်း ပြောင်းရွှေ့ခံခဲ့ရပြီး လက်ရှိ ပြောင်းရွှေ့နေထိုင်နေသော နေရာကို အောင်မြင်သာ စံပြကျေးရွာ အမည်ပေးထားခြင်း ဖြစ်သည်။

ဒေသခံများ၊ ပညာရှင်များနှင့် အနုပညာရှင်များ အပါအဝင် တစ်နိုင်ငံလုံး ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်တွင် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း CPI က ဆက်လက် အကောင်အထည်ဖော်လိုကာ ကျေးရွာသားများအား စည်းရုံးခြင်းများ ပြုလုပ်ကာ အစီရင်ခံစာများ ဖြန့်ဝေခဲ့သည်။

လျှပ်စစ်ဓာတ်အား ၆၀၀၀ မဂ္ဂဝပ် ထုတ်လုပ်မည့် မြစ်ဆုံစီမံကိန်းကို ၂၀၀၇ ခုနှစ်က စတင်ကာ ယခင်အစိုးရ အမှတ် (၁) လျှပ်စစ် ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်း၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Most read this week