သာသနာ့ အာဇာနည် အသျှင်စန္ဒြမုနိဗိမာန်တည်ဆောက်ရန် ရခိုင်အစိုးရအဖွဲ့က တပ်ပိုင်မြေ နေရာတွင် သတ်မှတ်ပေး

သာသနာ့ အာဇာနည် အသျှင်စန္ဒြမုနိဗိမာန်တည်ဆောက်ရန် ရခိုင်အစိုးရအဖွဲ့က တပ်ပိုင်မြေ နေရာတွင် သတ်မှတ်ပေး
by -
နိရဥ္စရာ

သာသနာ့ အာဇာနည် အသျှင်စန္ဒြမုနိဗိမာန်တည်ဆောက်ရန် ရခိုင်အစိုးရအဖွဲ့က တပ်ပိုင်မြေ နေရာတွင် သတ်မှတ်ပေး

ကမ ္ဘာကျော်သာသနာ့အာဇာနည် ဆရာတော် အသျှင်စန္ဒြမုနိ ဗိမာန်တော် တည်ဆောက်ရန် အတွက် မြေနေရာကို စစ်တွေမြို့တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တရားဝင်သတ်မှတ်ပေး လိုက် ပြီဖြစ်ကြောင်း သတင်း ရရှိသည်။

Sandramuni

ယင်းမြေနေရာမှာ (၂) ဧကထိကျယ်ဝန်းပြီး စစ်တွေမြို့၊ လေယဉ်ကွင်းဝင်လမ်း အနီးတည်ရှိကာ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ် တပ်ပိုင်နယ်မြေဖြစ်ကြောင်း သိရသည်။

ယခုနှစ် သြဂုတ်လ ၂၇-ရက်နေ့က ရခိုင် ပြည်နယ်ဝန်ကြီး ချုပ်ဦးမောင်မောင်အုန်းက စစ်တွေမြို့ပေါ်ရှိ ဆရာတော်ကြီးများဆန္ဒနှင့်အညီ ယင်းနေရာကို သတ်မှတ် ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမြေနေရာတွင် အသျှင်စန္ဒြမုနိ ဗိမာန်တော်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ဗိမာန်တော် တည်ဆောက် ရေး ကော်မတီဘဏ္ဍာရေးမှူး ဦးစိန်ဝင်းက ပြောသည်။

“ဗိမာန်နေရာကို သာသနာ့မြေဖြစ်ခွင့်ပြုခဲ့ရင် အိန္ဒိယမှာ သီတင်းသုံးနေတော်မူသော ရခိုင် ဆရာတော် အရှင်ဉာဏိသာရရဲ့ အကူအညီတွေနဲ့ ဆက်လက်လုပ်ဆောင်သွားပါမယ်။ အသျှင်စန္ဒြမုနိ ကြေးရုပ်တုတော်ကို စစ်တွေမြို့ကိုလှည့်ပတ်ပြီးတော့ ဗိမာန်နေမြေမှာ ပနက်ရိုက်စိုက်ထူသွားပါမယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

ဆရာတော် အသျှင်စန္ဒြမုနိမှာ ဗုဒ္ဓရှင်တော်ဘုရား ပွင့်တော်မူခဲ့ပြီး သာသနာ ကွယ်ပျောက်နေခဲ့သော အိန္ဒိယနှင့် နီပေါနိုင်ငံတွင် သိရိလင်္ကာနိုင်ငံသား Dr ဓမ္မပါလနှင့် ပူးပေါင်းဆောင်ရွက်ကာ သာသနာပြုခဲ့သည့် ရခိုင်တိုင်းရင်းသားဆရာတော်တစ်ပါး ဖြစ်သည်။

သို့အတွက် ဆရာတော် အသျှင်စန္ဒြမုနိ ကြေးသွန်းရုပ်ထုကို သွန်းလုပ်ကာ ဆရာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ ဂုဏ်ပြုလိုကြသည်။

သို့သော် တည်ဆောက်မည့် မြေနေရာ မရရှိသဖြင့်  ဆရာတော် အသျှင်စန္ဒြမုနိ ကြေးသွန်းရုပ်တုကို စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးသိမ်တော်အနောက်ဘက်တွင် နှစ် ပေါင်း ၄၅ နှစ်အကြာထိန်းသိ်မ်းထားသည်။

ဆရာတော်အသျှင်စန္ဒြမုနိ၏ ကြေးရုပ်ထုမှာ ၈ ပေအမြင့်ရှိသည်။

ဆရာတော်အသျှင်စန္ဒြမုနိ၏ ကြေးရုပ်ထုကို သီးသန့်ဗိမာန်တော်ဖြင့်ထိန်းသိ်မ်းထားရှိနိုင်ရန် မြို့ခံများက ယခုကဲ့သို့တောင်းဆိုခဲ့ကြသည့်အတွက် အဆိုပါဗိမာန်တော်ကို စစ်တွေမြို့ရှိ ဓညဝတီရပ်ကွက်တွင် တည်ဆောက်ရန် ၂ဝဝဝ ပြည့်နှစ် ဝန်းကျင်ခန့်က သက်ဆိုင်ရာက သတ်မှတ်ပေးခဲ့သော်လည်း ၂ဝဝ၄ ခုနှစ်အရောက်တွင် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မောင်ဦးက ယင်းမြေနေရာာ သတ်မှတ်ထားခြင်းကို ပယ်ဖျက်ခဲ့သည်။

ယင်းနောက်ပိုင်း ၂၀၁၁ ခုနှစ်တွင် ဆရာတော်အသျှင်စန္ဒြမုနိ ဗိမာန်တော်တည်ဆောက်ရေး ကော်မတီကို ဖွဲ့စည်းကာ ဗိမာန်တော်အတွက် မြေနေရာရရှိရေးဆောင်ရွက်ခဲ့ကြသည့်အပြင် စစ်တွေ မြို့ရှိ  ပုသိမ်ကျောင်း ဆရာတော် ဘဒ္ဒန ္တပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန ္ထဝါစက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်(ငြိမ်း) သဒ္ဓမ္မဂရု(ပုသိမ်)ကျောင်းတိုက် ဆရာတော်ဦးဆောင်၍ အသျှင်စန္ဒြ မုနိဗိမာန်တော်တည်ဆောက်ရေး ကော်မတီဥက္ကဌနှင့် မြို့နယ်၊ ပြည်နယ်၊ ဗဟိုသံဃဝန်ဆောင်အဖွဲ့ဝင် များလက်မှတ်ရေးထိုး၍ ၂၀၁၄-ခုနှစ် ဇန္နဝါရီလ (၉) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အသျှင်စန္ဒြမုနိ ဗိမာန်တော်တည်ဆောက်ရေးအတွက် မြေနေရာ သတ်မှတ်ပေးရန်တောင်းဆိုခဲ့ကြသည်။

ယင်းသို့တောင်းဆိုပြီးနောက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးလှမောင်တင်လက်ထက်က စစ်တွေ မြို့၊ မန်းကျည်းမြိုင် ရပ်ကွက်ရှိ ဝ ဒသမ ၂ဝ၉ ဧကရှိသော ၀င်းသူဇာဂိုတောင်နေရာကို ဗိမာန်တော် တည်ဆောက်ရန် သာသနာ့မြေအဖြစ်သတ်မှတ်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ယခု လေယဉ်ကွင်းအနီးရှိမြေ ၂ ဧကကို လည်း ထပ်မံတိုးချဲ့ သတ်မှတ်ပေးခဲ့သည်။

ယခုတိုးချဲ့ပေးလိုက်သည့်မြေ ၂ ဧကကိုလည်း သာသနာ့နယ်မြေအဖြစ်သတ်မှှတ်ပေးရန် လက်ရှိ အသျှင်စန္ဒြမုနိဗိမာန် တည်ဆောက်ရေးကော်မတီမှတာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင် အုန်းထံ စက်တင်ဘာလ ၅ ရက်နေ့က တင်ပြတောင်းဆိုထားပြီး သာသနာ့နယ်မြေအ ဖြစ်တရားဝင် သတ်မှတ်ပြီးပါက ဗိမာန်တော်ကိုစတင်တည်ဆောက်သွားတော့မည်ဖြစ်ကြောင်း အသျှင် စန္ဒြမုနိဗိမာန် တည်ဆောက်ရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။

အဆိုပါဗိမာန်တော်တည်ဆောက်နိုင်ရန် ခန့်မှန်းခြေငွေကျပ်တန်ဘိုးမှာ ကျပ်သိန်း တစ်ထောင် ခန့်ကုန်ကျမည်ဖြစ်သော်လည်း လက်ရှိတွင် ပြည်သူများမှှလှူဒါန်းငွေ ကျပ်သိန်း ၅ဝ သာရရှိသေး ကြောင်း အသျှင် စန္ဒြမုနိဗိမာန် တည်ဆောက်ရေးကော်မတီ၏ဘဏ္ဍာရေးမှူး ဦးစိန်ဝင်းက ပြောသည်။

အသျှင်စန္ဒြမုနိကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ဖခင် ဦးကျော်အောင်နှင့် မိခင်ဒေါ်မိ၀င်းယေတို့ထံမှ မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်နေ့(ခရစ်သက္ကရာဇ် ၁၈၇၅ ခုနှစ်၊ မေလ ၂၅ ရက်နေ့)တွင် မွေးဖွားခဲ့ပြီး မွေးချင်းများအနေက် သားကြီးဖြစ်သည်။

အသက်ဆယ်နှစ်သားအရွယ်တွင် စစ်တွေမြို့ စန္ဒိမာရာမကျောင်းတိုက် ဆရာတော်ထံတွင် ပညာသင်ကြားခဲ့ပြီး အသက် (၁၂) အရွယ်တွင် ရှင်စန္ဒနာမည်ဖြင့် ရှင်သာမနေအဖြစ်ခံယူခဲ့ကာ အသက် ၁၅ နှစ်အရွယ်ဖြစ်သည့် ခရစ်သက္ကရာဇ် ၁၈၉ဝ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ကြွရောက်တော်မူပြီး ဟိန္ဒီ၊ ဘင်္ဂလီ၊ ပါဠိ၊ သင်္သကရိုဋ္ဋ်ဘာသာများကို သင်ကြားတတ်မြောက်ခဲ့သည်။

ဆရာတော်သည် ၁၉၀၃-ခုနှစ်တွင် အသျှင်စန္ဒြမုနိအမည်ဖြင့် ရဟန်းခံခဲ့ပြီး ၁၉၀၉-ခုနှစ်၊ အသက် ၂၁ နှစ်အရွယ်တွင် ဘုရားရှင်ဟောကြားတော်မူသော ဓမ္မပဒပါဠိတော်ကို ဟိန္ဒီဘာသာသို့ပြန် ဆိုခြင်း၊ သောရောဒယမည်သောကျမ်းစာနှင့် အဥ္စနနိဒါန်းဆေးကျမ်းကြီးကိုလည်း သက္ကဋ္ဋဘာသာမှ မြန်မာဘာသာသို့ လည်းကောင်း၊ မဟာသတိပဌာနသုတ်၊ အနတ္တလက္ခဏာသုတ်၊ သင်္ဂီတိသုတ် စသည်တို့ကို ပါဠိဘာသာမှ ဟိန္ဒီဘာသာသို့လည်းကောင်း၊ သက္ကဋ္ဋဘာသာသို့လည်းကောင်းပြန်ဆိုရေး သားခဲ့သည်။ ထို့ပြင် ဗုဒ္ဓဘာသာတရားတော်များကို လေ့လာသူများနားလည်သက်ဝင်လာအောင် ဟိန္ဒီ ဘာသာနှင့် သက္ကဋ္ဋဘာသာတို့ဖြင့်ရေးသားဟောပြောပြီး သာသနာတော်၏အကျိုးကို မနားမနေဇွဲလုံ့ လတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

ဆရာတော်သည် အိန္ဒိယဗဟိုအစိုးရအဖွဲ့ဝင်နှင့် အခြေခံဥပဒေရေးရာအဖွဲ့ဝင် တရားလွှတ် တော်အဖွဲ့ဥပဒေဘွဲ့ရ ဒေါက်တာအာမေဒါအပါအဝင် လူပေါင်းနှစ်သိန်းကို တပြိုင်တည်းဗုဒ္ဓဘာသာသို့ သွတ်သွင်းနိုင်သော ပုဂ္ဂိုလ်တပါး အဖြစ် ထင်ပေါ်ကျော်ဇောခဲ့ပြီး အိန္ဒိယနိုင်ငံ၊ သင်္ကဿပြည်နယ်တွင် လူပေါင်း (၅)သောင်း၊ လက္ကနောင်မြို့တွင် လူပေါင်း(၅)သောင်းနှင့် နီပေါနိုင်ငံတဝှမ်းတွင် လူပေါင်း (၃) သိန်းကျော်ကို ဗုဒ္ဓဘာသာသို့ သွတ်သွင်းနိုင်ခဲ့သော ကမ္ဘာ့သာသနာ့အာဇာနည် ရဟန်းတော်တပါး ဖြစ်သည်။

ဆရာတော်သည် ခရစ်သက္ကရာဇ် ၁၉၇၂-ခုနှစ်၊ သက်တော် ၉၈-နှစ်အရောက်တွင် အိန္ဒိယနိုင်ငံ၊ ကုသိနာရုံ ကျောင်းတိုက်၌ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်ပျံလွန်တော်မူသည့်အတွက် နိုင်ငံပေါင်း  ၃၂ နိုင်ငံမှ သာသနာပြုအဖွဲ့အစည်းများထံမှ ၀မ်းနည်းကြောင်းသဝဏ်လွှာ သံကြိုးစာ(၅၆၉) စောင်နှင့် ရိုးရိုးစာ (၇၀၉) စောင်တို့ ပေးပို့ခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရသည်။

Most read this week