NCCT အစည်းအဝေးတွင် တပ်နေရာချထားရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်

NCCT အစည်းအဝေးတွင် တပ်နေရာချထားရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်
by -
ကေအဲန်ဂျီ

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်များကို ပြန်လည် သုံးသပ်ရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ၏ အကြို ညှိနှိုင်းဆွေးနွေး ပွဲတွင် တပ်နေရာချထားရေး အပါအဝင်ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

“ရှေ့လုပ်ငန်းစဉ်ဆိုတဲ့နေရာမှာ ဆက်ပြီးညှိနှိုင်းရမဲ့အပိုင်းတွေပါတယ်။ ရှေ့လုပ်ငန်းစဉ် ဆိုတာနောက်ဆုံး ဆွေးနွေးပွဲကနေ ဆုံးဖြတ်ပြီးတော့ ဆက်လက် ဆောင်ရွက်ရမဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက တပ် နေရာချထားရေးကိစ္စ၊ ဒီမှာကျတော့ ရှေ့ဆက်အကောင်အထည်ဖော်ရမဲ့ ပူးတွဲအလုပ်အဖွဲ့တွေ ဖွဲ့ပြီးတော့ ဆက်လက် ညှိနှိုင်းပြီးတော့ တင်ပြမှာ ဖြစ်တယ်။ ကျနော်တို့ဘက်မှာ ပြင်ဆင်မှုတွေရှိတယ်” ဟု ပဒိုကွယ်ထူးဝင်း က ပြောသည်။

NCCT ၏ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု တတိယမူကြမ်းပေါ် သုံးသပ်ခဲ့ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးရန်၊ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) နှင့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ဆွေးနွေးသွားရန်အတွက် အလုပ်ကော်မတီကို ဖွဲ့စည်း လိုက်သည် ဟု NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်း က သတင်းထောက်များကို ပြောသည်။

တပ်ပိုင်းဆိုင်ရာ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီနှင့် ကျင့်ဝတ်စည်းမျဉ်းများ ဆွေးနွေးရန်အတွက် အလုပ်ကော်မတီ ခေါင်းဆောင်အဖြစ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို တာဝန်ပေးအပ်ခဲ့သည်။

ကျင့်ဝတ်စည်းမျဉ်း ဆွေးနွေးရေး ဦးဆောင်ကော်မတီအဖြစ် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံ့၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၏ ဦးဆောင်ကော်မတီအဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုကော်မတီဝင် စောတာဒိုမူး ကို တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲရေး အလုပ်ကော်မတီ ခေါင်းဆောင်ကို KNU ၏ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း အား တာဝန်ပေးအပ်လိုက်ကာ PNLO မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် CNF မှ အဓိပတိ ကောင်စီဝင် ဒေါက်တာဆလိုင်းဆခေါင် တို့ကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခဲ့သည် ဟု သူက ဆိုသည်။

ထို့ပြင် UPWC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တတိယမူကြမ်းကို ဆွေးနွေးရန်အတွက် အစိုးရ ဘက်က အဆိုပြုထားသော စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့များ အပါအဝင် ငါးရက်ကြာ တွေ့ဆုံရန် NCCT က ဆုံးဖြတ်လိုက်သည် ဟု သိရသည်။

လက်ရှိ NCCT နှင့်အစိုးရတို့ ဆွေးနွေးရန်အတွက် ဦးဆောင်ကော်မတီဖွဲ့စည်းရေး၊ ကြားကာလ အစီအစဉ်နှင့် နိုင်ငံရေးဆွေးနွေးမှုကို သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်ရန် ဟူသည့်အချက် သုံးချက်ကို ဆက်လက် ဆွေးနွေးရန် လိုအပ်နေသည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်း က ပြောသည်။

“ကျနော်တို့က ဦးဆောင်ကော်မတီမှာ အစိုးရဘက်က သမ္မတ အဆင့်ပါတဲ့ UPCC လည်းဘဲ ပါသင့်တယ်လို့ ကျနော်တို့ အဆိုပြုထားတယ်။ သူတို့က အဲဒီ ဦးဆောင်ကော်မတီဖွဲ့ဖို့ မလိုလားတဲ့ သဘောပါတော့ သမ္မတကိုကျနော်တို့နဲ့ တစ်တန်းထဲမထားချင်ဘူး။ တန်းတူရေးကို လက်မခံဘူးဖြစ်နေတယ်။ အဲဒါ အများကြီး ဆွေးနွေးဖို့ လိုတယ်” ဟု သူက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဦးဆောင်ကော်မတီတစ်ခု မရှိဘဲ လုပ်ငန်း ကော်မတီ အဆင့်ဖြင့်သာ လုပ်ဆောင်ပါက ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလျှင် ဖြေရှင်းပေးနိုင်မည့် ပူးတွဲ ဦးဆောင်ကော်မတီ လိုအပ်သည် ဟု သူက ဆက်ပြောသည်။

ထို့ပြင် NCCT ဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာ ပူးတွဲ ဦးဆောင်ကော်မတီ ဖွဲ့စည်းရန် တင်ပြခဲ့မှုကို အစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ဆိုင်ရာကော်မတီ ဟူ၍ ယာယီသဘောတူထားခဲ့သည်ဟု သိရသည်။

NCCT က အစိုးရ ကိုယ်စားပြုသော တပ်မတော်၊ အစိုးရအဖွဲ့၊ လွတ်တော်တို့ ပါဝင်သော ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းမှ ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များပါဝင်ရေးတို့ ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးရန် အဆိုပြုထားခြင်း ဖြစ်သည်။

အစိုးရဘက်မှ တိုင်းရင်းသား အဖွဲ့အစည်းများ၏ တောင်းဆိုသော အချက်များကို လက်ခံမည်ဆိုပါက ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ သဘောတူလက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု သူ ဆက်ပြောသည်။

NCCT ၏ အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ နယ်စပ်တစ်နေရာတွင် စက်တင်ဘာ ၉ ရက်မှာ စတင်ကျင်းပခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်နေ့တွင် NCCT အလုပ်အဖွဲ့ အစည်းအဝေးကို အဆုံးသတ်မည်ဖြစ်ကြောင်း သိရသည်။

Most read this week