ဆီဆိုင်နှင့်မောက်မယ်မြို့ရှိ ရွာသားများ နအဖ ဖမ်းဆီးရိုက်နှက်

ဆီဆိုင်နှင့်မောက်မယ်မြို့ရှိ ရွာသားများ နအဖ ဖမ်းဆီးရိုက်နှက်
by -
ခွန်အောင်မြတ်
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ရှိ ပအိုဝ်းကျေးရွာသားများကို မြန်မာစစ်အစိုးရတပ် များက ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်သည်ဟု သိရသည်။ ဘန်းယဉ်မြို့အခြေစိုက် ခမရ ၄၂၆ တပ်ရင်းမှူး မြင့်ဦး ဦးစီးသည့် စစ်ကြောင်းသည် လွယ်မောတောင်တွင်ရှိ ...

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်ရှိ ပအိုဝ်းကျေးရွာသားများကို မြန်မာစစ်အစိုးရတပ် များက ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်သည်ဟု သိရသည်။

ဘန်းယဉ်မြို့အခြေစိုက် ခမရ ၄၂၆ တပ်ရင်းမှူး မြင့်ဦး ဦးစီးသည့် စစ်ကြောင်းသည် လွယ်မောတောင်တွင်ရှိသည် ကောင်တိုင်းရွာ ရွာသားဦးလွန်း၏ နေအိမ်ကို မီးရှို့ပြီး လက်ကောက်ဝတ်နှစ်ဘက်ကို ခုတ်ဖြတ်လိုက်သည်ဟု ဒေသခံ တဦးက ပြောသည်။

“လူတွေ ၂ဝ လောက်ဖမ်းပြီးတော့ ထီတရီးကျောင်းက ဘုန်းကြီးကျောင်းမှာ ကြိုးနဲ့ ချုပ်နှောင်ထား တာပေါ့ခင်ဗျား။ ကျောင်းဆရာတယောက်ကိုလည်း ရိုက်နှက်ထားတယ်။ ဒဏ်ရာတော်တော်ပြင်းထန် တယ်။ ခုန လက်ပြတ်သွားတဲ့လူရယ်၊ ကျောင်းဆရာရယ် သူတို့က ဆေးကုသခွင့်တောင်းတော့ တပ် ရင်းမှူး မြင့်ဦး ဦးစီးတဲ့ စစ်ကြောင်းတပ်ဖွဲ့က ဆေးကုသ ခွင့်မပေးဘူးခင်ဗျား။”

ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့ မြန််မာစစ်အစိုးရ၏ ခမရ ၄၂၆ ကို ခြံုခိုက်တိုက်ခိုက်ခဲ့သည့်အပေါ် ယင်းကျေးရွာသား များက ၎င်းတို့အဖွဲ့၏ အမာခံ ဖြစ်သည် ဟု စွပ်စွဲဖမ်းဆီးခြင်း ဖြစ်သည်ဟု ယင်းဒေသခံက ပြောသည်။

ကောင်တိုင်း၊ ထီတရီး၊ လွယ်တောင် ကျေးရွာသုံးရွာရှိ ကျေးရွာသားများကို ဖမ်းဆီး ရိုက်နှက်နေသည်ဟု ပအိုဝ်း အမျိုးသာလွတ်မြောက်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ခွန်စွဲထိုက အတည်ပြုပြောသည်။

“ဒီနေ့လည်း သူတို့ အဲဒီရွာသုံးရွာကို သောင်းကျန်းသူတွေ ဘယ်မှာရှိလည်း ပြောပြ မပြောပြရင် ရွာ ကို မီးရှို့မယ်လို့ ဒီနေ့ ခြိမ်းခြောက်ထားတာ ရှိတယ်။”

စစ်အစိုးရတပ်က ပေါ်တာခေါ် ဖမ်းဆီးနှိပ်စက်မှုကြောင့် အမျိုးသားများ နေအိမ်မှ ပုန်းရှောင်နေရသည်ဟု ဒေသ ခံက ပြောသည်။

“ဒီအချိန်မှာ မိုးကျနေပြီဆိုတော့ တောင်ယာအလုပ်တွေကို လုပ်နေရတဲ့အချိန် အလုပ်မလုပ် ရရင်တော့ နောက်နှစ်ကျရင် ရွာသားတွေက စားဝတ်နေရေးအတွက်တော့ ခက်ခဲမှု ရှိလာမှာ ပေါ့။”

မောက်မယ်မြို့နယ်ရှိ ကျေးရွာသားများကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးမှုများ ပြုလုပ်သည်ဟု ခွန်စွဲထိုက ပြောသည်။

“၁ဝ၂ တပ်ရင်းက တပ်ရင်းမှူး မျိုးမြင့်ဦးပေါ့ ဒုရင်းမှူး နိုင်မင်း ဦးစီးတဲ့ စစ်ကြောင်း နှစ်ကြောင်းက လည်း အဲဒီ နောင်လောင်း၊ နားဟီး ဘက်မှာ သူတို့ရွာထဲကို ဝင်လာပြီးတော့ ယောက်ျားတွေကို ဖမ်း တယ်။ မိန်းကလေးဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ်ပေါ့ ရွာပြင်ကို ထွက်လို့ ရှိရင် အဲဒီလူက သူပုန်ကို ဆက်ဆံတဲ့လူ ဒါမှမဟုတ် သူပုန်ဆိုပြီးတော့ စွပ်စွဲပြီးတော့ သူတို့ လိုက်ဖမ်းထားတာ ရှိတယ်ခင်ဗျား။ နောက်ပြီးတော့ ရွာထဲမှာရှိတဲ့ ရွာသားတွေရဲ့ ကြက်ဝက် ဘဲတွေကိုလည်း သူတို့ ဖမ်းပြီးတော့ သတ်ဖြတ်စား လုပ်လုပ်တယ်။ နောက်ပြီးတော့ ရွာထဲ မှာရှိတဲ့ ဆိုင်တွေကိုလည်း ဆိုင်ထဲမှာရှိသမျှ ပစ္စည်းတွေ အကုန်လုံး ယူငင်စားသောက်တယ် ခင်ဗျား။”

ပအိုဝ်းနှင့်ကရင်တပ် ပူးပေါင်းတပ်ဖွဲ့တို့ စစ်အစိုးရ ခမရ ၄၂၆ ကို ခြံုခိုတိုက်ခိုက်ပြီး နောက်ပိုင်း ဆီဆိုင်နှင့် မောက်မယ်မြို့နယ်ရှိ ကျေးရွာသားများကို ဖမ်းဆီးနှိပ်စက်မှု အတင်းအဓမ္မ ပေါ်တာဆွဲမှုများ ပိုမိုလုပ်ဆောင် လာသဖြင့် ကျေးရွာသားများ စိုးရိမ်ကြောက် လန့်နေရသည်ဟု ကျေးရွာသားများက ပြောသည်။

Most read this week