ဇွန်လအရေးအခင်းအတွင်း ကျဆုံးသွားခဲ့ကြသူများ၏မိသားစုများသို့ အလှူငွေပေးအပ်ပွဲနှင့် ‘မာရယုချစ်သော ဓညဝတီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်

ဇွန်လအရေးအခင်းအတွင်း ကျဆုံးသွားခဲ့ကြသူများ၏မိသားစုများသို့ အလှူငွေပေးအပ်ပွဲနှင့် ‘မာရယုချစ်သော ဓညဝတီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားပြုလုပ်
by -
နိရဥ္စရာ

စာရေးဆရာဝေဟင်အောင်၏ သွေးနဲ့ရေးသည့်မြေစာအုပ်မှ ရရှိသောငွေများကို ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားခဲ့ကြသူများ၏ ကျန်ရစ်သူ မိသားစုများအား အလှူငွေပေးအပ်ပွဲ နှင့် စာရေးဆရာဝေဟင်အောင်၏ ‘မာရယုချစ်သော ဓညဝတီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို စက်တင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားအား အမှတ် ၄၄၊ ဖဖြူလမ်း၊ လမ်းသစ်ရပ်ကွက် စစ်တွေမြို့ရှိ ၀ံလက်ဒေသဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း ရုံးခန်းတွင် မွန်းလွဲ ၁-နာရီတွင်ပြုလုပ်ခဲ့သည်။

wai

အခမ်းအနားသို့ စစ်တွေမြို့မှ  နာမည်ကြီး စာရေးဆရာများဖြစ်ကြသော ဆရာကြီးဦးမောင်ဗသိန်း၊ ဆရာကြီး ဦးအောင်လှသိန်း၊ ဗဂျီးကျော်(စစ်တွေ)၊ စစ်တွေပွင့်လွှာ၊ ပံသုခင်အပါအဝင် စာရေးဆရာများ၊ ဆရာဝေဟင်အောင် မိသားစု၊ ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသူများ၏ ကျန်ရစ်သူမိသားစုတချို့နှင့် စိတ်ဝင်စားသူစုစုပေါင်း ၄၀-ခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ၂၀၁၂-ခု ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသူများ၏ ကျန်ရစ်သူ မိသားစုများက စာရေးဆရာ ဝေဟင်အောင်ထံမှ အလှူငွေများကို လက်ခံရယူပြီး၊ တက်ရောက်လာကြသော လူကြီး-လူငယ် စာရေးဆရာများက ဆရာဝေဟင်အောင်၏ စာပေလောက၌ အောင်မြင်လာမှုများ၊ ယခင်ထုတ်ဝေခဲ့သော သွေးနဲ့ရေးသည့်မြေစာအုပ်နှင့် ယခုအသစ်ထုတ်ဝေလိုက်သော မာရယုချစ်သော ဓညဝတီ စာအုပ်နှင့်ပတ်သက်၍ ချီးကျူး၊ ထောက်ပြ၊ ဝေဖန်မူများကို ပွင့်လင်း ရင်းနှီးစွာ ပြုလုပ်ခဲ့ကြသည်။

စာရေးဆရာဝေဟင်အောင်၏ သွေးနဲ့ရေးသည့်မြေစာအုပ်ကို မလေးရှားတွင် တစ်ကြိမ်၊ မြန်မာနိုင်ငံထဲတွင် ၄-ကြိမ်၊ စုစုပေါင်း ငါးကြိမ်ထုတ်ဝေခဲ့ရပြီး ယင်းစာအုပ်ရောင်းချသော ငွေများကို ၂၀၁၂-ခုနှစ် ဇွန်လအရေးအခင်းတွင် အသက်ပေးလှူသွားသော သူများ၏ မိသားစုများကို ထောက်ပံ့ငွေများ ပေးလှူခဲ့ခြင်းဖြစ်သည်။

စာရေးဆရာဝေဟင်အောင်က” ဒီစာအုပ်ကို ထုတ်ဝေရတဲ့ ရည်ရွယ်ချက်ကတော့ လူမျိုးတမျိုးရဲ့ သမိုင်းစတင်ခြင်းကို မျိုးဆက်သစ်လူငယ်များ သိစေဖို့ ထုတ်ဝေရခြင်းဖြစ်ပါတယ်” ဟု ‘မာရယုချစ်သော ဓညဝတီ’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ယင်းအခမ်းအနားသို့တက်ရောက်လာသော ရခိုင်သမိုင်းသုတေသီ-စာရေးဆရာ ဆရာကြီးဦးမောင်ဗသိန်းက ယခုလို ပြောဆိုသည်။

“သိပ်စေတနာထားပြီးတော့ ရင်တွင်းခံစားချက်တွေကို ထင်ဟပ်အောင် ရေးသားထားတဲ့စာအုပ်ဖြစ်တဲ့အတွက် အထူးအောင်မြင်မှုရှိခဲ့ပြီး စာအုပ်ကို ၄-ကြိမ်ထပ်ရိုက်ခဲ့ရပါတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မိသားစုတွေအတွက် စေတနာထားလှူဒါန်းတာကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရခိုင်တွေဟာ အုပ်ချုပ်ခံတွေ ဖြစ်နေတဲ့အတွက် ကူညီမယ့်သူမဲ့နေပါတယ်။ ညီညီညွတ်ညွတ်နဲ့ ခုခံသွားရပါမယ်။ စာအုပ်နဲ့ မှတ်တမ်းတင်ထားတဲ့အတွက် သိပ်တာဝန်ကျေပါတယ်” ဟု ပြောကြားသွားပါသည်။

ဆရာကြီး ဦးအောင်လှသိန်းကလည်း “သမိုင်းနဲ့ပတ်သက်ပြီးရေးသားရင် သတိထားပြီးရေးသားဖို့လိုပါတယ်။ ဆရာဝေဟင်အောင်ကို တခုထောက်ပြချင်တာကတော့ ကျမ်းကိုးဆိုတဲ့နေရာမှာ မှီငြမ်းလို့ရေးစေချင်ပါတယ်” ဟု ထောက်ပြဝေဖန်သွားသည်။

စာရေးဆရာမကြီး စစ်တွေပွင့်လွှာကလည်း “သွေးနဲ့ရေးသည့်မြေစာအုပ်ကို ၄-ကြိမ်ထုတ်ဝေခဲ့ရတယ်။ အခု စာအုပ်ဟာလည်း ၁၀-ကြိမ်လောက် ထုတ်ဝေရလိမ့်မယ်လို့ယုံကြည်ပါတယ်။ သမိုင်းကြောင်းနောက်ခံ စာပေတွေ အများကြီးရေးသားနိုင်ပါစေ” ဟု အားပေးစကားပြောသွားသည်။

စာရေးဆရာမ ပံသုခင်ကလည်း “သမိုင်းနောက်ခံ ၀တ္ထုတွေဟာ စာဖတ်ပရိသတ်ကို ဆွဲဆောင်နိုင်ပါတယ်။ သမိုင်းတုံးတိတိကို မဖတ်ချင်သူတွေကို ၀တ္ထုပိုင်းကဆွဲဆောင်နိုင်ပါတယ်။ ရသပါတဲ့ သမိုင်းနောက်ခံဝတ္ထုတွေ နောက်ထပ်ရေးသားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ချီးကျူးပြောကြားသွားသည်။

မောင်မောင်စော ရခိုင်ညွန်ဖူးကလည်း “ရခိုင်ညွန့်ဖူးဆိုတာ မြောက်ဦးရွှေနန်းတော်ကို ရည်ညွှန်းပါတယ်။ ပုလွေမှုတ်နေတဲ့ ပုံမဟုတ်ပါဘူး။ ယခုစာအုပ်မှာပါတဲ့ ဘီလူးပုံဟာ မာရယုသမိုင်းထဲက ဘီလူးပုံနဲ့လွဲနေပါတယ်။ အမှန်က မွေးရှည် ဒြာဘီဒီယန်ဘီလူးပါ” ဟု စာအုပ်မျက်နှာဖုံးပါ ဘီလူးပုံကို ဝေဖန်ထောက်ပြသွားသည်။

စာရေးဆရာ ဂေါယာမြေစောဝင်းကလည်း “လင်္ကာနဲ့ပြောရရင် အများကြီးပဲ။ ဆရာဝေဟင်အောင်ဟာ စာပေနယ်ထဲကို ၀င်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ စာပေအလင်းရောင်နဲ့ ဂူထဲကိုဖြတ်သန်းတဲ့အခါ ဂူမှာဘာတွေရှိလဲဆိုတာကို သတိထားဖြတ်လျှောက်ပါ” ဟု ထောက်ပြဝေဖန်သွားသည်။

ဆရာဝေဟင်အောင်က “ဘက်စုံ ထောင့်စုံမှ ဝေဖန်ထောက်ပြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ စာအုပ်မှာ ပါတဲ့ဘီလူးကတော့ ဇာတ်လမ်းထဲက ဘီလူးအဖြစ်သဘောထား ဖေါ်ပြတာပါ။ မိမိတို့ရခိုင် ဘီလူးများဟာလည်း သာသနာစောင့်ဘီလူးဖြစ်တဲ့အတွက် မသင့်တော်လို့ မသုံးတာဖြစ်ပါတယ်” ဟု ထုတ်ဖေါ်ပြောကြားသည်။

စာရေးဆရာဝေဟင်အောင်အနေဖြင့် ရသစာပေကိုအားသန်သူ ဖြစ်သော်လည်း  သရော်စာ၊ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ဒဿန၊ သမိုင်းဆိုင်ရာ စာအုပ်များကိုနောက်ထပ် ထုတ်ဝေသွားမည်ဖြစ်ပြီး စာအုပ်ထုတ်ဝေခြင်းမှ ရရှိသောအကျိုးအမြတ်များကို တိုင်းပြည်နဲ့လူမျိုးအတွက် အသုံးပြုသွားမည်ဟု သူ၏ရည်ရွယ်ချက်ကို နိရဥ္စရာ သတင်းဌာနအားပြောကြားသွားသည်။

Most read this week