ကြားဖြတ် ရွေးကောက်ပွဲပယ်ဖျက်မူ ၂၀၁၅ ရွေးကောက်ပွဲကိုထိခိုက်နိုင်ဟု ရခိုင်ခေါင်းဆောင် တုန့်ပြန်

ကြားဖြတ် ရွေးကောက်ပွဲပယ်ဖျက်မူ ၂၀၁၅ ရွေးကောက်ပွဲကိုထိခိုက်နိုင်ဟု ရခိုင်ခေါင်းဆောင် တုန့်ပြန်
by -
နိရဥ္စရာ

ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲအား ရွေးကောက်ပွဲ ကော်မရှင်က ပယ်ဖျက်လိုက်ခြင်းသည် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ထိခိုက်နိုင်သည်ဟု ရခိုင်အမျိုး သားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်ကတုန့်ပြန် ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပ တော့ဟု ပြောဆိုလိုက်ခြင်းအပေါ် မည်သို့ သဘောထားပါသလဲဟု နိရဥ္စရာသတင်းဌာနမှ မေးမြန်းစဉ် ဦးအေးသာအောင်က ထိုသို့ တုန့်ပြန် ပြောကြားခြင်း ဖြစ်သည်။

“ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲကို လုပ်မယ်၊ နောက်မလုပ် တော့ဘူး ဆိုပြီး ပြောနေတာတွေဟာ လုံးဝမလုပ်သင့်ဘူး။ ဒီလိုပြောဆိုနေတဲ့ အတွက် ရွေးကောက်ပွဲကော်မရှင်ကို ထင်ယောင် ထင်မှားဖြစ်လာနိုင်တယ်။ ဒီလိုပြောနေတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေက အမျိုးမျိုးမြင်လာနိုင် တယ်။ ဒီလိုမြင်လာခဲ့ရင် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့ ရွေးကောက် ပွဲတခု ဖြစ်လာမလားဆိုတာကို စဉ်းစားစရာ ဖြစ်လာနိုင်တယ် ” ဟု ဦးအေးသာအောင်က ဆိုသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက စက်တင်ဘာလ ရ ရက်နေ့က နိုင်ငံရေးပါတီ ၃၇ ပါတီမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံးဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ဟု ပြောဆိုခဲ့သည်။

လွတ်တော်တွင် ဖွဲ့စည်းပုံပြင်မည့်ကိစ္စ၊ ရွေးကောက်ပွဲစနစ် လေ့လာသည့် ကိစ္စများရှိသည့်အတွက် အလုပ်များမည့်အပြင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အတွက် ကျပ် ၂ ဘီလီယံနီးပါး ကုန်ကျ မည်ဖြစ်ကြောင်း၊  မဲဆန္ဒနယ် ၃၀ ကျော်မှာ လွတ်တော်အတွင်း ပြောင်းလဲမှု သက်ရောက်မည် မဟုတ်သည့် အတွက် ကြားဖြတ်ရွေးကောက်ပွဲကို မကျင်းပရန် ဥက္ကဌ တစ်ဦး လုပ်ပိုင်ခွင့်ဖြင့် ဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောဆိုသွားသည်။

ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးအရ စမ်းသပ်သည့် လုပ်ရပ် သဘောမျိုး ဖြစ်ကြောင်းလည်း ဦးအေးသာအောင်က ယခုကဲ့သို့ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်က အခုလို ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ပြောနေတာဟာ အမှန်က တိုင်းပြည်အတွက်၊ လွတ်တော်အတွက်ထက် နိုင်ငံရေးအရ စမ်းသပ်တဲ့ သဘောမျိုးဖြစ်နေတယ်။ တကယ်တော့ ဒီလိုမျိုး ပြောလည်းမပြောသင့်၊ လုပ်လည်းမလုပ်သင့်ဘူး” ဟု ဆိုသည်။

ရွေးကောက်ပွဲကော်မရှင်မှ ယခုကဲ့သို့ပြောဆိုနေခြင်းကြောင်း ပြည်သူများက ထင်ယောင်ထင် မှားဖြစ် လာနိုင်ပြီး နိုင်ငံရေးပါတီများကလည်း သံသဖြစ်လာနိုင်ကြောင်း ဦးအေးသာအောင်က ပြောဆိုသွား သည်။

ရခိုင်ပြည်နယ်တွင် လစ်လပ်နေသည့် မဲဆန္ဒနယ်မြေ (၃) နေရာတွင် ရခိုင်အမျိုးသားပါတီမှ ၀င်ရောက် ယှဉ်ပြိုင်ရန် မကြာသေးမီက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတစ်ခုလုံးအတိုင်းအတာဖြင့် လိုက်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ကျော်တွင် ကြားဖြတ် ရွေး ကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလကုန် (သို့မဟုတ်) ဒီဇင်ဘာလဆန်းတွင် ကျင်းပမည်ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွန်ကြားရေးမှူး ဦးသောင်းလှိုင်က မကြာသေးမီးက ထုတ်ဖော် ပြောဆိုခဲ့သည်။

Most read this week