ဒီဇင်ဘာလတွင် ရခိုင် မြို့ ၅ မြို့တွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိတော့မည်

ဒီဇင်ဘာလတွင် ရခိုင် မြို့ ၅ မြို့တွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီ ရရှိတော့မည်
by -
နိရဥ္စရာ

ယခုလာမည့်ဒီဇင်ဘာလတွင် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့ ၅ မြို့တွင် မဟာဓာတ်အား လိုင်းမှ တဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိမည်ဖြစ်ကြောင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ရခိုင်ပြည်နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအင်ဂျင်နီယာဌာနမှ  တာဝန်ရှိ သူတစ်ဦးက ထုတ်ဖော် ပြောကြားသည်။

“ဒီဇင်ဘာမှာ မြို့ ၅ မြို့ လျှပ်စစ်မီး ၂၄ နာရီရရှိတော့မှာပါ။ အချိန်မီရရှိနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ယင်းက နိရဥ္စရာသတင်းဌာသို့ အတည်ပြုပြောသည်။

Ma-dae

အစိုးရတာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်သို့ရောက်ရှိတိုင်း  စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်း မြို့တို့တွင် လာမည့်ဒီဇင်ဘာလအတွင်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိ မည်ဟု ကတိပြုပြော ဆိုထားသည်။

ယခုအခါ ယင်းမြို့ (၂) မြို့ အပြင် ကျောက်တော်၊ မြောက်ဦးနှင့် ရမ်းဗြဲမြို့များတွင်လည်း ဒီဇင်ဘာလအတွင်း လျှပ်စစ်မီး ၂၄ နာရီ ရရှိမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“လာမယ့်ဒီဇင်ဘာမှာ စစ်တွေနဲ့ ပုဏ္ဏားကျွန်းပဲရမယ်လို့ ကျွန်တော်တို့သိထားတယ်။ အခုတော့မြို့ အများကြီး ရမယ်ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ တစ်ပြည်နယ်လုံးကိုတောင် ချက်ချင်းရစေချင်တာ”ဟု ကျောက်တော်မြို့ နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်ခြင်းမရှိသေးသည့်အတွက် မြို့ကြီးများထက် ကျေးလက်ဒေသများတွင် ဒေသဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ အားနည်းများ များစွာရှိနေသည်ကိုတွေ့ရပြီး ယင်းအား နည်းချက်များကို ကုစားနိုင်ရန်မှာ လျှပ်စစ်မီးသည်သာ အဓိကကျကြောင်း ရခိုင် ဒေသခံများက တစ်ညီတညွတ်တည်းထောက်ပြ ပြောဆိုကြသည်။

၂ဝ၁၅ ခုှနှစ်အတွင်း ရခိုင်တစ်ပြည်လုံး လျှပ်စစ်ဓာတ်အား ပြည့်ပြည့်ဝဝရရှိရေးအတွက် အစိုးရက မဟာ ဓာတ်အားလိုင်းမှ တဆင့် လျှပ်စစ်မီးသွယ်တန်းလျက်ရှိရာ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ တောင် ကုတ်မြို့များတွင် မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ်မီး ၂၄ နာရီရရှိနေပြီဖြစ်ပြီး အမ်းမြို့တွင်လည်း မဟာ ဓာတ်အားလိုင်းမှတဆင့် တစ်နေ့လျှင် လျှပ်စစ်မီး ၈ နာရီခွဲနီးပါး အထိ ရရှိကြောင်း သိရသည်။

အလားတူ သဘာဝဓာတ်ငွေ့များစတင်ထွက်ရှိရာ ကျောက်ဖြူမြို့တွင်လည်း ၁ ဒသမ ၁ မဂ္ဂါဝပ်ရှိသော ဂတ်စ်တာဘိုင် ၄ လုံးဖြင့် လျှပ်စစ်မီး ၂၄ နာရီပေးလျက်ရှိပြီး အဆိုပါဂတ်စ်တာဘိုင်များကို နောက်ပိုင်းတွင် ၅ဝ မဂ္ဂါဝပ်အဖြစ်ပြောင်းလဲထုတ်ပေးရန် အစီအစဉ်ရှိကြောင်း သိရသည်။

ရခိုင်ပြည်ရှိ မြို့များအားလုံးကိုလည်း မဟာဓာတ်အားလိုင်းမှတဆင့် လျှပ်စစ် ၂၄ နာရီထုတ်လွှတ် ပေးနိုင်ရန် မြို့နယ်တိုင်းတွင်ဓာတ်အားခွဲရုံများတည်ဆောက်ကာ ဓာတ်အားခွဲရုံများမှတဆင့် မြို့တိုင်း၊ ကျေးလက်တိုင်းကို အဆင့်ဆင့်ထုတ်လွှတ်ပေးသွားရန် အစိုးရက စီမံချက်ဖြင့် ဆောင်ရွက် နေသည်ကို တွေ့ရသည်။

Most read this week