OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ််သွား

OIC ကိုယ်စားလှယ်အဖွဲ့ ရခိုင်သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ််သွား
by -
နိရဥ္စရာ

မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဟောင်း Tan Sri Syed Hamid Albar ဦးဆောင်သော အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ တိတ်တဆိတ် ၀င်ရောက်လည်ပတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

၎င်းအဖွဲ့တွင် အဖွဲ့ဝင် (၆)  ဦးခန့်ပါ၀င်ပြီး စစ်တွေမြို့သို့စက်တင်ဘာလ ၃ ရက်နေ့က ရောက်ရှိလာပြီး ၄ ရက်နေ့တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။

Burma-oic-protest-nov2013

သူတို့၏ စစ်တွေ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်နှင့် မူဆလင် နှစ်ဘက်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များကို ယင်းOIC ကိုယ်စားလှယ် အဖွဲ့က တွေ့ဆုံခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

“ သူတို့က အိုအိုင်စီကိုယ်စားလှယ်အဖွဲ့လို့လည်း မပြောဘူး။ သူတို့ ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို စနည်းနာတဲ့ အနေအထားမျိုးနဲ့ လာကြည့်တဲ့သဘောပါ။ အဲဒီမှာ စစ်တွေက မြို့မိမြို့ဖတွေ၊ မူဆလင် ခေါင်းဆောင်တွေ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်း ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံသွားခဲ့ပါတယ်” ဟု သူတို့နှင့် အတူ ခရီးစဉ်ကို လိုက်ပါ ကူညီပေးခဲ့သူ ဥပဒေချုပ် ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲအား စစ်တွေမြို့ရှိ ၀န်ကြီးချုပ်ရုံးခန်းတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေ (၆) နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး OIC ကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်အတွင်း လူသားချင်းဆိုင်ရာ အကူအညီများကို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည် ဆိုသည်။

“သူတို့က လူသားချင်းဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုပြီးတော့ ကမ်းလှမ်းပါတယ်။ ၀န်ကြီးချုပ်ကတော့ ကျေးဇူးတင်တဲ့ အကြောင်းတွေကို ပြောတယ်။ ဒါ့ပြင် အခုအချိန်ဟာ အခြေအေနတွေ မတည်ငြိမ်သေးတဲ့ အတွက် အိုအိုင်စီက အကူအညီကြောင့် နောက်ထပ် ပြသနာတွေ ထပ်ဖြစ်မှာကို စိုးရိမ်ရတယ်။ အခု အစိုးရက နိုင်ငံသား စိစစ်ရေးကို လုပ်နေတယ်။ အဲသလို လုပ်ပြီးတဲ့အခါ နေရာချထားပေးမူတွေကို စီစဉ်ပေးမယ်။ အဲဒီအခါ အကူအညီတွေ လိုကောင်းလိုမယ်။  အဲဒီအချိန်ရောက်မှ အကူအညီတွေကို စဉ်းစားမယ်လို့ ပြောဆိုလိုက်ပါတယ်” ဟု ဆိုသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လက်ရှိ ဖြစ်ပေါ်တိုးတက်မူများကို ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

ယင်းဆွေးနွေးပွဲတွင် အိုအိုင်စီ ရုံးဖွင့်မည့် ကိစ္စအပေါ် တစ်စုံတစ်ရာ ဖွင့်ဟ ပြောဆိုခဲ့ခြင်း မရှိကြောင်း ဦးလှသိန်းက ပြောသည်။

ယင်းOIC ကိုယ်စားလှယ်အဖွဲ့သည် စစ်တွေမြို့မိမြို့ဖများနှင့်လည်း ယင်းနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ပြီး အကူအညီပေးရန် ကမ်းလှမ်းမူများ ရှိခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက်ခဲ့သော စစ်တွေမြို့မိ မြို့ဖ တစ်ဦးဖြစ်သူ ဦးသာပွင့်က ဆိုသည်။

“ သူတို့က ကျွန်တော်တို့ကို ဖိတ်တာက မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်အဖွဲ့ တစ်ဖွဲ့က တွေ့ချင်တယ်ဆိုပြီး ဖိတ်ပါတယ်။ ကျွန်တော်တို့က အိုအိုင်စီအဖွဲ့မှန်း မသိဘူး။ သိရင် ဆွေးနွေးပွဲကို မတတ်မှာကို စိုးရိမ်လို့ ခုလို လိမ်ပြီးဖိတ်တာပေါ့။ အစည်းအဝေးမှာ သူတို့လိုချင်နေတဲ့ အတိုင်း လူသားချင်း စာနာတဲ့ အကူအညီတွေကို ပေးမှာပေါ့။ ဘက်မလိုက်ဘဲ နှစ်ဘက်စလုံးကို ပေးမှာပေါ့။အိုအိုင်စီက ဘာသာရေးအဖွဲ့မဟုတ်ကြောင်း၊ မြန်မာပြည်ရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်မှာ မဟုတ်ကြောင်း ဒါတွေကို ပြောကြားတာပေါ့” ဟု ဆိုသည်။

ဦးသာပွင့်မှ သူတုန့်ပြန်ပြောကြားခဲ့မူကို ယခုလို ဆက်ပြောဆိုသည်။

“ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် ၂၁၀၂ အရေးအခင်းမတိုင်မှီ ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တယ်။ ဒီမတိုင်ခင်မှာ လည်း အမျိုးမျိုးကပ်ဆိုးတွေကျရောက်ခဲ့တယ်။ ဒီတုန်းကတော့ မင်းတို့က ဘာမှ အကူအညီပေးဖို့ ရောက်လာခဲ့တာ မရှိခဲ့ဘူး။ အခု ၂၀၁၂ ကျမှ ဘင်္ဂလီတွေ ငိုပြတော့ မင်းတို့က ကူညီဖို့ ရောက်လာခဲ့တယ်။ ဘယ်လောက်ဘဲ မင်းတို့က ဘက်မလိုက်ဘဲ သမာသမတ်ကျပါတယ်လို့ဆိုဆို ဒီအချက်ကို ကြည့်ကတည်းက သမာသမတ် မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။ ဒါ့ပြင် လူသားချင်းစာနာတဲ့ အကူအညီပေးမယ်ဆိုရင်လည်း အစိုးရက တဆင့်သာပေး။ မင်းတို့ကိုယ်တိုင် ပေးတာတို့ လက်မခံနိုင်ဘူးလို့ ပြောလိုက်တယ်” ဟု ဆိုသည်။

လူသားချင်း အကူအညီကို အစိုးရမှ တဆင့် ပေးကမ်းရန် ပြောဆိုခဲ့ကြောင်း၊ သို့သော် ဖွံ့ဖြိုးရေး အကူအညီကို လက်ခံမည် မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရေး အကူအညီ နောက်ကွယ်တွင် လူမျိုးရေး၊ နိုင်ငံရေး စသည့် အကြောင်းအရာများ နောက်ကွယ်တွင် ကပ်ပါလာတတ်၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးသာပွင့်က ဆိုသည်။

OIC ကိုယ်စားလှယ်အဖွဲ့သည် နောက်ပိုင်းတွင် စစ်တွေမြို့တွင် တည်ရှိသော ရခိုင်နှင့် မူဆလင် ဒုက္ခသည် စခန်းများသို့ သွားရောက်လည်ပတ် ကြည့်ရှု့ခဲ့ပြီး  တွေ့ရှိချက်များကို အိုအိုင်စီအဖွဲ့သို့ အစီရင်ခံ တင်ပြ သွားမည်ဟု သိရသည်။

Most read this week