အပေါ်အမိန့်ရမှ လုပ်တတ်သည့်အကျင့်ကို ဖျောက်ဖျက်ရန် ဒုသမ္မတ တိုက်တွန်း

အပေါ်အမိန့်ရမှ လုပ်တတ်သည့်အကျင့်ကို ဖျောက်ဖျက်ရန် ဒုသမ္မတ တိုက်တွန်း
by -
နိရဥ္စရာ

ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများအပါအဝင် အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ‘ အပေါ်က အမိန့်ရမှထလုပ်တတ်သည့်အကျင့်ကိုဖျောက်ဖျက်လုပ်ဆောင်ရန်’ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စစ်တွေခရီးစဉ်တွင် တိုက်တွန်းပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ််းမှ စက်တင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက  စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင်ရခိုင်ပြည် နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စစ်တွေမြို့မိမြို့ဖများအပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်း များနှင့်တွေ့ဆုံရာတွင် ယင်းသို့ တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။

Myanmar-Voice-president-Sai

“ခါတိုင်းက ဗဟိုကနေ အကုန်လုံးကိုကိုင်ထားတယ်။ တစ်ခုခုရှိရင် အပေါ်က အမိန့်ရမှ၊ အဲလိုမျိုး ကျွန်တော် တို့မသွားစေချင်ဘူး” ဟု ဒုတိယ သမ္မတ စိိုင်းမောက်ခမ်းက ဆိုသည်။

မသွားစေချင်သော အကြောင်းအရင်းမှာ အချိန်ကြန့်ကြာပြီး ကိစ္စများမြန်မြန်ဆန်ဆန် မပြီးပြတ်၍ ဖြစ်ကြောင်း၊ ယင်းအစဉ်အလာကို ရပ်တန့်ပစ်ရန်လိုကြောင်း ဒုသမ္မတက ဆိုသည်။

“ မသွားစေချင်တဲ့အကြောင်းရည်ရွယ်ချက်က အဲလို ကျနော်တို့ဖြတ်သန်းလာခဲ့ တာကြာပါပြီ။ တစ်ချို့ကိစ္စတွေ အောက်ခြေမှာ ပြီးပြတ်နိုင်တဲ့ကိစ္စကို အပေါ်ရောက်မှ၊ အောက်ဆင်းရမှနဲ့ လူက သာအသက်ကြီးပြီး ဆုံးရင် ဆုံးသွားနိုင်တယ်။ သူ့ကိစ္စမပြေလည်ဘူးဆိုတာတွေရှိပါတယ်။ ဒါကြောင့်မို့ ဒီမှာရှိ တဲ့ပြသနာက အောက်မှာ ရှင်းလို့ရရင် ဒီမှာပဲရှင်းစေချင်ပါတယ်။ အပေါ်မှာကတော့၊ ဗဟိုမှာကတော့ ပြသနာပေါင်း သောင်းခြောက် ထောင်ပါ။ အများကြီးပါပဲ။ အသေးစိတ်ကိုမကြည့်နိုင်ပါဘူး” ဟု ဒုတိယသမ္မက ဆိုသည်။

ဒုတိယသမ္မတနှင့်တွေ့ဆုံပွဲတွင် စစ်တွေလူထုအချို့က ဒေသလိုအပ်ချက်များဖြစ်သည့် ကျောင်းကျန်းမာရေး ကိစ္စရပ်များ၊ စစ်တွေဆေးရုံရှိ အအေးခန်း လိုအပ်ချက်၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များနှင့် စည်ပင်သာယာလိုအပ်ချက်များ ကိုဖြည့်ဆည်း ဆောင်ရွက်ပေးရန်တောင်းဆိုရာ အဆိုပါတောင်းဆိုချက်များ အနက် အောက်ခြေတွင် လုပ်ဆောင်၍ရနိုင်သည့် ကိစ္စရပ်များလည်းပါဝင်နေသည့်အတွက် ယင်းအချက်များကို အောက်ခြေအဆင့်ဖြစ်သော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ပြည်နယ်ဝန်ကြီးများ နှင့်ဒေသခံများ ဆွေးနွေးညှိနှိုင်းလုပ်ဆောင်သင့်ပြီး သမ္မတအဆင့်ထိတက်ရောက်တောင်းခံ နေစရာမလိုကြောင်း ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြာခဲ့းသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်မှာ ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြံုရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသတွင်းစီးပွားရေးအင်အားတောင့်တင်းကာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဝင်လာနိုင်ရေးတို့မှာ အဓိက ကျပြီး ပြည်သူလူထုကလည်း အစိုးရနှင့် အတူပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း သူက ပြောသည်။

voice-president-myanmar

ယင်းကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် စစ်တွေလူထုကိုယ်စားလှယ် အချို့က ရခိုင်ပြည်နယ် အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုဆောင်ရွက်ရာတွင် ရခိုင်ပြည်သူများသည် ဥပဒေနှင့် သွေဖယ်လုပ်ဆောင်ခဲ့သည်များမရှိခဲ့ကြောင်း၊ ရခိုင်တိုင်းရင်းသားများကြောင့် တရားဥပဒေ စိုးမိုးရေးပျက်ပြားသွားရသည့် ကိစ္စရပ်များ မည်သည့်အခါမျှ ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

“တရားဥပဒေစိုးမိုးမှု ပျက်ပြားတဲ့ဒေသတွေကိုသာ တရားဥပဒေစိုးမိုးအောင်လုပ် ပေးပါ။ နိုင်ငံတော်အဆင့် စီမံချက်တွေကို ပုန်ကန်တဲ့လူတွေ၊ နိုင်ငံတော်အဆင့် သန်ခေါင်းစာရင်း ကောက်ယူမှုတွေကို ဖီဆန် တဲ့လူတွေ၊ နိုင်ငံတော် မှာမရှိဘူးလို့ ပြောတဲ့တိုင်းရင်းသား တစ်မျိုးရဲ့ နာမည်ကို အမြဲတမ်း ထုတ်ဖော် ပြောနေကြတဲ့လူ တွေကို တရား ဥပဒေစိုးမိုးရေးအရ ပြတ်ပြတ်သားသားလုပ်ပေးပါလို့ ကျွန်တော် စစ်တွေမြို့မိမြို့ဖကိုယ်စား သမ္မတကြီးကို အနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်လိုု့ ကျွန်တော်က တောင်းဆိုခဲ့ပါတယ်”ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက ပြောသည်။

ဖွံ့ဖြိုးမှုနောက်ကျနေသောရခိုင်ပြည်နယ်၏ဆင်းရဲမှုနှုန်းမှာ ၂ဝဝ၅ ခုနှစ်တွင် ၃၈ ရာခိုင်နှုန်းရှ်ိခဲ့ကြောင်း UNDP ၊ Unicef နှင့် စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု၊ မြို့နယ် ၁၁၆ မြို့နယ်၊ အိမ်ထောင်စုပေါင်း ၁၈၆ဝဝ ခန့်တွင် ကောက်ယူခဲ့သည့်စစ်တမ်းတွင်ဖော်ပြထားပြီး အဆိုပါဆင်းရဲမှုနှုန်း ၃၈ ရာခိုင်နှုန်းကို ၂ဝ၁၅ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းအထိ ထက်ဝက်ကျအောင် ကြိုးစား ဆောင်ရွက်သွားမည်ဟု ကုလသမဂက ထောင်စုနှစ်ရည်မှန်း ချက်အဖြစ်ရည်ရွယ်ထားကြောင်း ဒေါက်တာစိုင်းမောက်ခမ်းက ဆိုသည်။

၂ဝဝ၅ ခုနှစ်တွင် ရခိုင်ပြည်နယ်၏ ဆင်းရဲမှုနှုန်းမှာ ၃၈ ရာခိုင်နှုန်းရှိခဲ့သော်လည်း ၂ဝ၁ဝ ခုနှစ်တွင် ၄၃ ရာခိုင်နှုန်းဖြစ်လာခြင်းက ရာခိုင်နှုန်းကျမသွားသည့်အပြင် ထိုးတက်လာသည်ကိုလေ့လာသိရှိရကြောင်း ယင်းက ဆက်လက်ပြောသည်။ သို့သော် ရည်မှန်းထားသည့်အတိုင်း ၁၉ ရာခိုင်နှုန်းဖြစ်လာအောင် ကြိုးစားဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ဒေါက်တာစိုင်းမောက်ခမ်းက ကတိပြုပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်သို့ စက်တင်ဘာ ၃ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၃ ရက်ကြာအလည် အပတ် ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လဝက ပြည်ထောင်စုဝန်ကြီးဦးခင်ရီအပါအဝင် ပြည်ထောင်ဝန်ကြီးအချို့နှင့် သက်ဆိုင်ရာတာဝန်ရှိသူူအချို့တို့လိုက်ပါ လာခဲ့ကြသည်။

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းခေါင်းဆောင်သောအဖွဲ့သည် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့ကိုလှည့်လည်ကြည့်ရှုကြပြီး စစ်တွေလူထုနှင့်တွေ့ဆုံခဲ့ကာ ယင်းနေ့နေ့လယ်ပိုင်းတွင် ပုဏားကျွန်းမြို့သို့သွားရောက်ကာ စက်မှုဇုန်တည်ဆောက်မည့် နေရာသို့သွားရောက်ကြည့်ရှုခဲ့သည်။

ယင်းနောက် စစ်တွေသို့ပြန််လာပြီး စစ်တွေမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်သော စက်ရုံစုကယ်ဆယ်ရေး စခန်းနှင့် ဘင်္ဂါလီဒုက္ခသည်စခန်းများဖြစ်သော ဒါးပိုင်နှင့် သက္ကေပြင်ကယ်ဆယ်ရေးစခန်းများသို့သွားရောက်ခဲ့ ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

၎င်းအဖွဲ့သည် စက်တင်ဘာ ၄ ရက်နေ့တွင် မြေပုံ၊ မြောက်ဦးနှင့် မင်းပြားမြို့များသို့ သွားရောက် ကြမည်ဖြစ် ကြောင်း သတင်း ရရှိသည်။

Most read this week