ရခိုင်အစိုးရ ဝန်ကြီး(၅)ဦး ရာထူးအပြောင်းအလဲ နောက်ကွယ်မှ အကြောင်းအရာများ လွှတ်တော်အမတ်များ ထုတ််ဖေါ်ပြောကြား

ရခိုင်အစိုးရ ဝန်ကြီး(၅)ဦး ရာထူးအပြောင်းအလဲ နောက်ကွယ်မှ အကြောင်းအရာများ လွှတ်တော်အမတ်များ ထုတ််ဖေါ်ပြောကြား
by -
နိရဥ္စရာ

များမကြာမီက ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီး (၅) ဦး၏ ရာထူးတာဝန် အပြောင်းအလဲနှင့် ပတ်သက်ပြီး နောက်ကွယ်က အကြောင်းအရာများကို ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ထုတ်ဖေါ်ပြောကြား သည်။

မြေပုံမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ်ဝန်ကြီး (၅) ဦးအား ကျွမ်းကျင်ရာဌာန အသီးသီးသို့ ပြောင်းလဲခန့်ထားပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြခဲ့သဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး (၅)ဦးကို ဌာနပြောင်းလဲ ခန့်အပ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

DSCN2529

“ မနေ့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေးမှာ သမ္မတကြီးဆီက  ပေးပို့တဲ့ စာကို ဖတ်ပြပါတယ်။ အဲဒီစာထဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းရဲ့  တင်ပြမူ အပေါ်မှာ မူတည်ပြီး နေရာပြောင်းလဲ ခန့်အပ်ကြောင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သမ္မတဆီကနေ ထုတ်ပြန်တဲ့ စာမှာ ဝန်ကြီးအပြောင်းအလဲတွေ လုပ်ဖို့အတွက် ဝန်ကြီးချုပ်ကနေ သမ္မတဆီကို တင်ပြတဲ့စာ အပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲလိုက်တယ်ဆိုပြီးတော့ သမ္မတဦးသိန်းစိန်ရဲ့ စာထဲမှာပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့သို့  ပြောင်းလဲ ခန့်အပ်ရာတွင် ယခင် ရခိုင်ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကျော်မင်းအား လူမှုရေးဝန်ကြီးအဖြစ်လည်းကောင်း၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်သိန်းအား ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် လူမှုရေးဝန်ကြီး ဦးကျော်ခင်အား သစ်တောနှင့် သတ္တုဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်အား ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးမောင်စံရွှေအား စည်ပင်သာယာရေးဝန်ကြီးအဖြစ် လည်းကောင်း အသီသီး ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်။

သြဂုတ်လ(၁၁)ရက်နေ့ကလည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ထိရောက်မြန်ဆန်မှုမရှိဟုဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း ပေါက်တောမြို့နယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

“ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဟာ လုပ်ကိုင်တဲ့နေရာမှာ ထိရောက်မြန်ဆန်မှုမရှိတဲ့အတွက် ဒီဝန်ကြီးတွေကို ဖိအားပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် (၁၆)ယောက်က လက်မှတ်ထိုးပြီးတင်ပြခဲ့ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒီကိစ္စ(ဝန်ကြီးအပြောင်းအလဲ)ဖြစ်လာတယ်လို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။

လုပ်ငန်းများအား အရှိန်အဟုန်မြင့်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ဝန်ကြီး(၅)ဦးအား ဌာနအပြောင်းအလဲ လုပ်ခဲ့သော်လည်း ဝန်ကြီးများအနေဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား စနစ်တကျ မကိုင်တွယ်ပါက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးမှာ နဂိုအတိုင်းသာ ရှိမည်ဖြစ်ကြောင်း ဦးတက်ထွန်းအောင်က သုံးသပ် ပြောဆိုသည်။

“တစ်ခုရှိတာက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့က ဌာနဆိုင်ရာတွေကို ကိုင်တွယ်လို့ မရဘူးဖြစ်နေတယ်။ ရခိုင်ပြည်နယ်အစိုးရနဲ့ ဝန်ကြီးဌာနတွေဟာ ဌာနဆိုင်ရာတွေကို ထိန်းချုပ်နိုင်မှသာလျှင် အောင်မြင်မယ်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ယူဆပါတယ်။ ကောင်းမလား ဆိုးမလားဆိုတာကတော့ ဌာနဆိုင်ရာတွေကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ နဂိုအတိုင်းပဲ ဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။

မြေပုံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း ယခုလိုဆက်ပြောသည်။

”အရင်တစ်ခေါက်လည်း အပြောင်းအလဲဖြစ်ပြီးပြီလေ။ ဆိုလိုတာက အခုအခြေအနေက ခုပြောင်းလိုက်တော့ အခြေအနေတိုးတက်သွားမလားဆိုတာက သိပ်တော့ အပြောင်းအလဲဖြစ်လာမယ်လို့ ကျွန်တော်မထင်ဘူး။ ဒါပေမယ့် စောင့်တော့ ကြည့်ရဦးမှာပေါ့ဗျာ” ဟု ပြောသည်။

လွှတ်တော်သက်တမ်း(၅)နှစ်တာ ကာလအတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးများအား အပြောင်းအလဲ(၂)နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းကလည်း ရခိုင်ပြည်နယ်လွှတ်တော်တွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုများနှင့် ပတ်သက်ကာ အငြင်းပွားမှုတစ်ချို့ပေါ်ပေါက်ခဲ့ပြီး၊ ယခု ဝန်ကြီးများအား နေရာပြောင်းလဲခန့်အပ်ခြင်းမှာ ဘက်ဂျက်ငွေကိစ္စနှင့် သက်ဆိုင်နိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

Most read this week