ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ကော်မတီ အောင်မြင်စွာဖွဲ့စည်း

ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ကော်မတီ အောင်မြင်စွာဖွဲ့စည်း
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီ(ANP)၏ ပေါက်တောမြို့နယ်ကော်မတီ ရွေးချယ်ခြင်း အခမ်းအနားကို ပေါက်တောမြို့တွင် နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် မြို့နယ် ကော်မတီဝင်များ၊ အလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ညီလာခံတက်ရောက်မည့် မြို့နယ်ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိသည်။

ကော်မတီဖွဲ့စည်းခြင်းအား သြဂုတ်လ(၂၆) ရက်နှင့်(၂၇) ရက်များတွင် ပေါက်တောမြို့၊ ဗုဒ္ဓသာသန ဓမ္မဗိမာန်တော် ခန်းမအတွင်း ကျင်းပပြုလုပ်ခဲပြီး၊ မြို့နယ် ကော်မတီဝင်(၁၀၀)ဦးနှင့် အလုပ်မှုဆောင် ကော်မတီဝင်(၂၅)ဦးတို့ကို တက်ရောက်လာသူများက ရွေးချယ်တင်မြောက်ခဲ့ကြောင်း အလုပ်အမှုဆောင် ကော်မတီ တွဲဘက်အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံသူ ဦးကျော်ကျော်ခိုင်က ပြောသည်။

ပေါက်တောမြို့နယ်ကော်မတီ ဥက္ကဌအဖြစ် ဦးတက်ထွန်းအောင်၊ ဒုက္ကဌများအဖြစ် ဦးမောင်မြနှင့် ဦးသာထွန်းအေးတို့က လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးအောင်ကျော်ထွီး၊ တွဲဘက်အတွင်း ရေးမှူးများအဖြစ် ဦးကျော်ကျော်ခိုင်နှင့် ဦးထွန်းဦးဇံတို့ကို မဲပေးရွေးချယ်ခဲ့ကြကြောင်း ဦးကျော်ကျော်ခိုင်က ဆိုသည်။

“ကော်မတီကနေပြီး ပါတီရဲ့ မူဝါဒလမ်းစဉ်အတိုင်း လာမယ့် သံတွဲ ညီလာခံက ချမှတ်မယ့် မူတွေအတိုင်း အကောင်းအထည်ဖော်သွားရမှာပါ”ဟု ၎င်းက ပြောသည်။

ယခုနှစ် စက်တင်ဘာလတွင် သံတွဲမြို့နယ် ငပလီ၌ ကျင်းပရန် စီစဉ်ထားသည့် ပထမအကြိမ် ရခိုင်အမျိုးသား ညီလာခံသို့ တက်ရောက်မည့် မြို့နယ်ကိုယ်စားလှယ်(၅)ဦးကိုလည်း အမှုဆောင်ကော်မတီဝင်များက ဆက်လက်ရွေးချယ်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ပေါက်တောမြို့နယ် ကော်မတီရွေးချယ်ပွဲသို့ ကျေးရွာအုပ်စု (၅၈)အုပ်စုမှ ကိုယ်စားလှယ် လောင်းများ၊ ပါတီဝင်များနှင့်၊ ပေါက်တောမြို့မှ မြို့မိမြို့ဖများအပါအဝင် လူပေါင်း(၃၀၀)ကျော်တက်ရောက်ပြီး မြို့နယ်ကော်မတီကို အောင်မြင်စွာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Most read this week