ANP ပါတီ ရသေ့တောင်မြို့နယ် ကော်မီတီသစ်ရွေးချယ်ပွဲ အောင်မြင်စွာပြီးဆုံး

ANP ပါတီ ရသေ့တောင်မြို့နယ် ကော်မီတီသစ်ရွေးချယ်ပွဲ အောင်မြင်စွာပြီးဆုံး
by -
နိရဥ္စရာ

ဒေသခံပြည်သူများ အထူးစိတ်ဝင်တစားရှိခဲ့ကြသော ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရခိုင် အမျိုးသားပါတီ မြို့နယ် ကော်မီတီ ရွေးချယ်တင်မြှောက်ပွဲမှာ မကျေလည်မူ အချို့ရှိခဲ့သော်လည်း ယမန်နေ့ သြဂုတ်လ ၂၇ ရက်နေ့က အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီဟု သိရသည်။

သုံးလေးရက်ခန့် သူနိုင်၊ ငါနိုင် အကြီးအကျယ် စည်းရုံးခဲ့ကြပြီးနောက် ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့က ပြုလုပ်ခဲ့ရာ ယခင် ကျောင်းဆရာဟောင်း တစ်ဦးဖြစ်သူ ဦးစိန်လှအောင်ကို ဥက္ကဌ အဖြစ် ရွေးချယ်တင်မြှောက် လိုက်ကြသည်ဟု သိရသည်။

ဒုဥက္ကဌ အဖြစ် ဦးသိန်းမောင်၊ ဦးခင်မောင်သန်းတို့အားလည်းကောင်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးလှမြင့်အားလည်းကောင်း၊ တွဲဘက်အတွင်းရေးမှူးများ အဖြစ် ဒေါ်စောစောဌေး (လောင်းချောင်းရွာ)နှင့် ဦးကျော်ဝင်း (စေတီပြင်ရွာ)၊ ဦးကိုကိုမောင် – ဘဏ္ဍာရေးမှူး တို့အား ရွေးချယ်တင်မြှောက် ခဲ့ကြသည်ဟု ဆိုသည်။

“ ကျွန်မတို့က ဒီရွေးချယ်တင်မြှောက်မှုကို သမာသမတ်ကျတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့နယ် တစ်ခုလုံးက ကိုယ်စားလှယ် ၃၃၀ ဦးတက်ရောက်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ရွှေးချယ်ခဲ့ကြတဲ့ အတွက် ဖြစ်ပါတယ်” ဟု တွဲဘက် အတွင်းရေးမှူး ဖြစ်လာသူ ဒေါ်စောစောဌေးက ဆိုသည်။

တက်ရောက်လာသူ ကိုယ်စားလှယ် ၃၃၀ ထဲမှ ကိုယ်စား ၁၅၀ ကို ပထမ ရွေးချယ်ခဲ့ကြောင်း၊ ၁၅၀ ထဲမှ ရ၅ ဦး မြို့နယ် ကော်မီတီကို ရွေးချယ် တင်မြှောက်ခဲ့ကြောင်း၊ ယင်းအထဲမှ ၂၅ ဦးကို မြို့နယ် အလုပ်အမှုဆောင် ကော်မီတီကို ရွေးချယ် တင်မြှောက်ခဲ့ကြကြောင်း၊ ယင်းအထဲမှ နောက်ထပ်တစ်ခါ မြို့နယ် ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး စသည်တို့ကို ရွေးချယ်ခဲ့ကြသည်ဟု သူမက ဆိုသည်။

သို့သော်လည်း ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ယခင် ရခိုင်အမျိုး သားပါတီ၏ ဒုခေါင်းဆောင် ဖြစ်သူ ဦးလှမောင်သိန်းနှင့် နောက်ထပ် (၄) ဦးမှ ရွေးချယ်တင်မြှောက်ပွဲမှ နုတ်ထွက်သွားခဲ့သည်ဟု သိရသည်။ နုတ်ထွက်သွားရသည့် အကြောင်းအရင်းကို မေးကြည့်ရာ ဦးလှမောင်သိန်းက ယခုလို ရှင်းပြပြောဆိုသည်။

“ ဒီရွေးချယ်တင်မြှောက်မှုက ပွင့်လင်းမြင်သာမူ မရှိသလို ဘက်လိုက်ဆောင်ရွက်မူတွေ ရှိတဲ့ အတွက် ကျွန်တော်တို့က ကန့်ကွက်တယ်။ ကန့်ကွက်တဲ့ အကြောင်းကိုလည်း တရားဝင် တင်ပြခဲ့တယ်။ ပါတီ ဗဟိုနဲ့ ရွေးချယ်တင်မြှောက်ရေး ကော်မရှင်ကိုလည်း စာရေးကန့်ကွက်ဖို့ ပြင်ဆင်နေပါတယ်” ဟု ဆိုသည်။

ယင်းပြင် ဦးလှမောင်သိန်းက ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်ရာတွင် တစ်မြို့နယ်နှင့် တစ်မြို့နယ် ကျင်းပ ပြုလုပ်ပုံ မတူညီဘဲ ဖြစ်နေသည်ဟု သိရကြောင်း၊ ရသေ့တောင်မြို့နယ်တွင် တက်ရောက်လာသူ ၃၃၀ အထဲမှ ကိုယ်စားလှယ် ၁၅၀ ရွေးချယ်ခဲ့ကြောင်း၊ ယင်း ၁၅၀ ကိုယ်စားလှယ်များက ရ၅ ဦးကို ရွှေးချယ်ခဲ့ကြောင်း၊ ယင်းအထဲမှ ထောက်ခံမဲ အများဆုံးရသူ ၂၅ ဦးကို နံပတ်စဉ် အလိုက် ဗဟို အလုပ်အမူဆောင် ကော်မီတီ မရွေးချယ်ဘဲ ရ၅ ဦးထဲမှ တစ်ခါ ၂၅ ဦးကို ထပ်မံ ရွေးချယ်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ သို့အတွက် မိမိတို့မှ ရွေးချယ်မှုပုံစံမမှန်ကန်၍​ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြို့နယ် ကော်မီတီများ ရွေးချယ်ဖွဲ့စည်း ရာတွင် စနစ်တကျဖြင့် ဒီမိုကရေစီ နည်းလမ်းမကျပါက အနာဂတ်တွင် ပါတီ၏ စည်းလုံးညီညွှတ်ရေးကို ထိခိုက်နိုင်ပြီး  ပါတီအပေါ် ပြည်သူများ အကြား ယုံကြည်မူ ကင်းမဲ့သွားနိုင်သဖြင့် ပါတီကို ခေါင်းဆောင်များ အထူးသတိထားရန် လိုအပ်ကြောင်း ဦးလှမောင်သိန်းက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ပါတီဗဟိုကော်မီတီ ရွေးချယ်တင်မြှောက်ပွဲသို့ တက်ရောက်နေသူ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကမူ ရွေးချယ်ပွဲမှာ သမာသမတ်ကျကြောင်း ယခုလို ပြောသည်။

“ ကျွန်မတို့ကတော့ ရွေးချယ်တင်မြှောက်ပွဲဟာ သမာသမတ်ကျတယ်လို့ မြင်ပါတယ်။ သူတို့သဘောနဲ့့ သူတို့ ကြိုက်နှစ်သက်ရာ ခေါင်းဆောင်ကို ရွေးချယ်တင်မြှောက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ မြို့နယ် ဗဟိုအလုပ် အမူဆောင်ကော်မီတီ ၂၅ ဦးကို ရွေးချယ်တင်မြှောက်ပြီးတဲ့ နောက်ပိုင်းမှာ (၅) ဦးက အရွေးချယ်မခံဘဲ ထွက်သွားတဲ့ အတွက် ကျန်တဲ့ ၂၀ ဦးထဲကဘဲ ရွေးချယ်တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ယင်းပြင် ရသေ့တောင်မြို့နယ်ရှိ ပြည်သူလူထု အနေဖြင့် အထူးတက်ကြွစွာဖြင့် နိုင်ငံရေးထဲတွင် ပါ၀င် လုပ်ကိုင်လိုသူများကို တွေ့ရသဖြင့် အထူးနှစ်ထောင်းအားရ ကျေနပ်မိကြောင်း ဒေါ်ခင်စောဝေက ပြောဆိုသည်။

Most read this week