အလယ်တန်းအဆင့်အောင်သူများအား မူလတန်းပြဆရာခန့်မည့်အဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်ခံရ

အလယ်တန်းအဆင့်အောင်သူများအား မူလတန်းပြဆရာခန့်မည့်အဆို ရခိုင်ပြည်နယ်လွှတ်တော်တွင် ကန့်ကွက်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်သူများအား မူလတန်းပြဆရာ၊ ဆရာမများအဖြစ် ခန့်အပ်တာဝန်ပေးစေလိုကြောင်း တင်သွင်းသည့် အဆိုတစ်ခုကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ချို့က သြဂုတ်လ ၂၅ရက်နေ့က ပြည်နယ်လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် နယ်စပ်ဒေသအချို့တွင် အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ထားသူများအား မူလတန်းပြဆရာ၊ ဆရာများအဖြစ် ခန့်အပ် တာဝန်ပေးစေလိုကြောင်း ရခိုင်ပြည်နယ် ချင်းရေးရာ လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုနိုင်က လွန်ခဲ့သော အပတ်က ရခိုင်ပြည်နယ် လွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည်။

Teachers-in-Rambree

ယင်းအဆိုအား မနေ့က ပြည်နယ်လွှတ်တော်တွင် လက်ခံ ဆွေးနွေးခဲ့ကြရာ ၎င်းအဆိုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သတ်မှတ်ချက်များနှင့် ငြိစွန်းနေပြီး ရခိုင်ပြည်နယ် ပညာရေးအတွက် အကျိုး မရှိနိုင်သဖြင့် ကန့်ကွက်ခဲ့ကြောင်း အဆိုအား ကန့်ကွက်ခဲ့သူ စစ်တွေမှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“(၈)တန်းအောင်ကို မူလတန်းပြ ခန့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တာကို လာတင်တော့ ကန့်ကွက်ကြတဲ့ သဘောပါ.. ၊ ရှစ်တန်းအောင်ရုံလောက်နဲ့ ဆရာအဖြစ်ခန့်ရမယ်ဆိုရင် ရခိုင်ပြည်နယ် ပညာရေးကို နစ်သတ်ပစ်သလို ဖြစ်သွားမယ်” ဟု ၎င်းက ပြောသည်။

စစ်တွေ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဆိုအား လက်ခံဆောင်ရွက်ပါက အလယ်တန်းအဆင့် အောင်မြင်သူ အားလုံးကို ခန့်ထားနိုင်ရမည်ဖြစ်ကြောင်း၊ ထိုသို့ မခန့်နိုင်ပါက အစိုးရအဖွဲ့တွင် တာဝန်ရှိဖြစ်မည်ဖြစ်ကြောင်း ထောက်ပြဆွေးနွေးခဲ့သည်ဟု ဦးအောင်မြကျော်က ဆိုသည်။

ဝန်ထမ်များအား ရွေးချယ်ခန့်ထားရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အရည်အချင်းအဆင့်ဆင့် သတ်မှတ်ထားပြီး၊ ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းသည့် အဆိုမှာ ဥပဒေနှင့် ငြိစွန်းနေသဖြင့် ဆွေးနွေးခြင်းကို ရပ်နားခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်မျာထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူ ရာခိုင်နှုန်းမှာ ယခင်နှစ်က (၉.၆၈)ရာနှုန်းခန့် ကျဆင်းခဲ့သည်။

၂၀၁၂၀-၂၀၁၃ ခုနှစ်က ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းမှာ (၂၈) ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း ယခုနှစ် (၂၀၁၃-၂၀၁၄) တွင် (၁၈.၃၂) ရာခိုင်နှုန်းသာ အောင်မြင်ခဲ့သည်။

Most read this week