ကချင် ကျောက်စိမ်းမှော်လမ်း အစိုးရတပ်များ လုံခြံုရေးယူရန် KIO ကို အသိပေး

ကချင် ကျောက်စိမ်းမှော်လမ်း အစိုးရတပ်များ လုံခြံုရေးယူရန် KIO ကို အသိပေး
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ကို လာမည့်အပတ် စက်တင်ဘာ လဆန်း ၁ ရက် တနင်္လာနေ့မှ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သောကြောင့် ဖားကန့်လမ်းကြောင်း လုံခြံုရေးအတွက် အစိုးရတပ် စစ်ကြောင်းလှုပ်ရှား မှုများ ရှိလာမည်ကို  ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ကြိုတင်အသိပေးထားကြောင်း သိရသည်။

နှစ်ဘက် ပူးတွဲ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ ၀င်များ သြဂုတ် ၁၂ ရက်နေ့ မြစ်ကြီးနားမှာတွေ့ဆုံချိန် လမ်မကြီးတလျှောက် ဘယ်ညာ အထဲသို့ ၃ မိုင် မှ ၅ မိုင်အကွာအဝေး ထိ အစိုးရတပ်များ လုံခြံုရေးယူရန် ပြောခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး KIOမှ ကော်မတီဝင် ဒု-ဗိုလ်မှူးကြီး အင်ဖန်နော်ဘို (Lt-Col Nhpang Naw Bu)က KNG ကချင်သတင်းဌာန သို့ ယခုလို ရှင်းပြသည်။

“သူတို့ပြောတာ အဲဒီဖားကန့်လမ်းဖက်ကို ဒီလ စက်တင်ဘာ လဆန်းကနေ ကုမ္ပဏီတွေ တရားဝင် အလုပ်ဝင် တော့မယ် ဖြစ်တာကြောင့် သူတို့အစိုးရတပ်ဖွဲ့တွေ လမ်းမကြီး တစ်ဖက်တချက် အထဲကို ၃ မိုင် မှ ၅ မိုင် ထိ၊ ကျန်တာက လမ်း တံတားတွေအတွက် လုံခြံုရေးယူသွားကြမယ်လို့ ဆိုလာရာ ကျနော်တို့က မဆုံးဖြတ်ပေး နိုင်ဘူး၊ ကျနော်တို့ရဲ့အထက်က ဗဟိုကော်မတီကို တင်ပြပေးမှာပါ ဟု ပြောထားတာ ရှိပါတယ်။” ဟု သူက ပြောသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၂)၊ တပ်ရင်း (၆) နယ်မြေ ဖားကန့်မြို့နယ်အတွင်း ယခုလို အစိုးရတပ်များ လမ်းလုံခြံုရေးယူလာခြင်းကြောင့် ထိတွေ့ပစ်ခတ်မှုများမဖြစ်အောင် နှစ်ဘက်တပ်များ ရှောင်ပေးကြဖို့လည်း KIO ကို အစိုးရဘက်က တင်ပြခဲ့ကြောင်းသိရသည်။

ယခုအချိန်ထိ အဆိုပါတင်ချက်ပေါ် KIO ဌာနချုပ်မှ တုန့်ပြန်ချက် တစုံတရာ မပေးသေးကြောင်း KIO အရာရှိများ ဆိုသည်။

သို့သော်လည်း KIO ဘက် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သော အဖွဲ့သည် သြဂုတ် ၁၄ နေ့က ဖားကန့်လမ်းကြောင်း နမ္မတီးမြို့ အနည်း KIA တပ်ရင်း ၁၁ ဌာနချုပ်သို့ လာရောက်ပြီး အစိုးရနှင့် ရရှိထားသော စစ်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ သဘောတူညီထားချက်များကို ရှင်းပြခဲ့သည်ဟု ဒုဗိုလ်မှူးကြီး နော်ဘို ပြောပါသည်။

Most read this week