ရခိုင်တွေအပေါ် ကုလသမဂ္ဂရဲ့အမြင် ပြောင်းလဲစ ပြုလာပြီလား

ရခိုင်တွေအပေါ် ကုလသမဂ္ဂရဲ့အမြင် ပြောင်းလဲစ ပြုလာပြီလား
by -
နိရဥ္စရာ

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နမ်ဘီယား (Vijay Nambiar) ရဲ့ (၃) ရက်ကြာ ရခိုင် ခရီးစဉ်အတွင်းမှာ ရခိုင်လူမူ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲသလို တွေ့ဆုံခဲ့ရာမှာ ရခိုင် လူမျိုးတွေ ဘက်က ခံစားနေရတဲ့ ခံစားမူတွေကို သူနားလည်ကြောင်းနဲ့ ရခိုင်ဒေသရဲ့ ဘက်ပေါင်းစုံ နိမ့်ကျနေမူတွေကို အသိအမှတ်ပြုတဲ့ အကြောင်း ထုတ်ဖေါ် ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒါြ့ပင် ရခိုင်လူမျိုးတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်  မစ္စတာနမ်ဘီးယားနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ မြေပုံမြိ့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၊ စစ်တွေ မြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ ဆရာဦးသန်းထွန်းတို့ကို တွေ့ဆုံပြီး ဘာတွေကို ဆွေးနွေးပြော ကြား ခဲ့တယ်ဆိုတာကို မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

(ဦးဖေသန်း)

(မေး- မြေပုံကို ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နမ်ဘီယားရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဘာတွေကို ပြောဆိုဆွေးနွေးခဲ့ကြတယ်ဆိုတာ နည်းနည်းစတင်ပြောကြားပေးပါ။)

ဖြေ- မစ္စတာနမ်ဘီးယားနဲ့ အဖွဲ့ နဲ့ အတူ ရခိုင် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်းနဲ့ ၀န်ကြီး ဦးအောင်သန်းတင်တို့ အတူ ပါလာကြပါတယ်။ သူတို့အဖွဲ့က ကျွန်တော်တို့မြို့က ဌာနဆိုင်ရာတွေရော။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကျွန်တော်အပါအဝင် မြို့မိ မြို့ဖတွေ၊ အမျိုးသမီးကွန်ယက် အဖွဲ့ဝင်တွေ အပါအဝင် ဘင်္ဂလီအရေးနဲ့ ပါတ်သတ်ပီး သိလိုသူတွေ အကုန်လုံးကို ခေါ်ယူ တွေ့ဆုံပါတယ်။ ခေါ်ယူတွေ့ရတဲ့ အကြောင်းကတော့ သူဒုတိယအကြိမ်လာတဲ့ အခါမှာ အခြေနေက အရင်ကထက် တိုးတက်သွားသလား၊ ဆုတ်ယုတ်သွားသလား၊ လက်ရှိအခြေနေမှာ ဘယ်လိုရှိသလဲ၊ ဒေသခံတွေရဲ့ ဘင်္ဂလီကိစ္စတွေအပေါ်မှာထားတဲ့့ သဘောထားတွေကို သူကသိချင်တယ်ပေါ့ဗျာ။ အဲဒါကြောင့် ကျွန်တော်တို့ကို ခေါ်ယူတွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်ပါတယ်။

(မေး – ဘင်္ဂလီတွေဘက်ကရော ရခိုင်တွေနဲ့ အတူ တက်ရောက်တာရှိပါလား။)

ဖြေ- ကျွန်တော်တို့နဲ့ တွေ့တဲ့အခါတော့ မတက်ရောက်ဘူးခင်ဗျ။ ဌာနဆိုင်ရာတွေ အပါအဝင် ကျွန်တော်တို့မြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာတော့ သူတို့ဘက်က တိုတိုလေး လုပ်တာပါ။ အဲ့ဒီမှာ ကျနော်တို့ရဲ့ အခြေနေတွေ သိချင်တယ်လို့ပြောတဲ့အခါမှာတော့ ကျွန်တော်ကလည်း ကျွန်တော်တို့ဘက်က ခံစားချက်တွေနဲ့ လိုလားချက်တွေကို တင်ပြပါတယ်။ ပြီးမှ ဒုက္ခသည်စခန်းကို သွားကြည့်ပါတယ်။ အဲဒီမှာတော့ ဒုကခသည်စခန်းမှာ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ စစ်ဆေးနေတဲ့ အဖွဲ့နဲ့့သွားတွေ့ပါတယ်။ သူ မသိတာလေးတွေ လိုအပ်တာလေးတွေ မေးမြန်းတာပေါ့နော်။ ဒုက္ခသည်စခန်းကပြန်လာတာနဲ့ မလိခ အမြန််ရေယဉ်နဲ့ ပြန်သွားပါတယ်။

(မေး- ဦးဖေသန်းတို့ဘက်က မြေပုံမြို့၊ မြို့ဖတွေဘက်က ဘာတွေတင်ပြလိုက်ပါသလဲ ခင်ဗျား။)

ဖြေ- ကျွန်တော်တို့က မစ္စတာနမ်ဘီးယားအနေနဲ့ ရခိုင်ဒေသကိုလာတဲ့ အခါ ရခိုင်တွေရဲ့ခံစားချက် တကယ့်အဖြစ်တွေကို သိဖို့လိုတယ်။ ကျွန်တော်တို့ ရခိုင်ဒေသမှာ ရခိုင်တွေက ဘယ်လောက်ထိ ဆင်းရဲဒုက္ခရောက်နေရတယ်၊ ဒုက္ခသည်စခန်းမှာထက်ကို ကျွန်တော်တို့တွေက လူနေမှုအဆင့်အတန်းနိမ့်ပါးနေတယ်။ ဘာလို့လဲဆိုတော့ ဘင်္ဂလီပြသနာဟာ ရခိုင်တွေရဲ့ စိန်ခေါ်မှု တစ်ရပ် ဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ရခိုင်လူမှုအသိုင်း အဝိုင်းက ကျွန်တော်တို့့ဒေသကို ဘင်္ဂလီတွေက လူဦးရေနဲ့လွှမ်းမိုးပြီးတော့ ကျွန်တော်တို့ လူမျိုးပျောက်သွားမှာ၊ နယ်မြေဆုံးသွားမှာကို စိုးရိမ်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြီးကျယ်တဲ့ စိတ်ခံစားမှု ဖြစ်ပါတယ်လို့ ကျွန်တော်တို့ဘက်က တင်ပြပါတယ်။ နောက်ပြီးတော့ ဒီနိုင်ငံသားဥပဒေနဲ့့ စစ်ဆေးတဲ့အခါမှာလည်း ဖြစ်ပေါ်လာတဲ့ အခြေနေကို နိုင်ငံတကာက လက်ခံပေးဖို့လို့တယ်။ နိုင်ငံသားဖြစ်ရင် နိုင်ငံသားအခွင့်ရေးကိုရဖို့ နိုင်ငံတော်အစိုးရမှာလည်း တာဝန်ရှိသလို နိုင်ငံခြားသားလို့ ဖြစ်လာတဲ့အခါမှာလည်း ဒါတွေဟာ ဒုက္ခသည်တွေပါ။ မတော်မတရား လုပ်ပါတယ်ဆိုတဲ့ ခင်ဗျားတို့တွေရဲ့ အမြင်မျိုး၊ အမြဲတမ်းပြောပြောနေတဲ့ သဘောတရားတွေ မကောင်းတဲ့အမြင်တွေကို စိစစ်ဖို့လိုတယ်။ ခုကတော့ ကျွန်တော်တို့ ရခိုင်ပြည်မှာရှိနေတဲ့ ပကတိအခြေနေကို ခင်ဗျားတို့ကမသိပဲနဲ့ ဖိအားတွေပေးမယ်၊ အရေးယူ ဆောင်ရွက်မူတွေ လုပ်မယ်ဆိုပြီး ခဏခဏ ကုလသမဂ္ဂ အစီရင်ခံစာတွေမှာ ဖေါ်ပြနေခြင်းဟာ ကျွန်တော်တို့ရခိုင်တွေရဲ့ ပုံရိပ်ကိုဆိုးလာအောင် ရခိုင်ပြည်ကိုအမြင်တွေ ဆိုးသထက်ဆိုးလာအောင် လုပ်ဆောင်နေခြင်းဟာ ကောင်းသော ရလဒ်မဟုတ်ဘူး။ ကျွန်တော်တို့ အခြေနေကိုသိရင် ကျွန်တော်တို့နဲ့ လက်တွဲဆောင်ရွက်သင့်ပါတယ်။ ကျွန်တော်တို့ရခိုင်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီးတော့ ဆင်းရဲနေတာတွေကို ခင်ဗျားတို့အနေနဲ့ ပူးပေါးဆောင်ရွက်သွားမယ်ဆိုရင် တစ်ချိန်ချိန်မှာ ဒီကိစ္စတွေပြေလည်သွားမှာပါ။ ခုတော့ ကုလသမ္မဂအစီရင်ခံစာရောက်တိုင်း ရောက်တိုင်း ကျွန်တော်တို့ရခိုင်ဒေသကို မကောင်းတာတွေပဲ ခင်ဗျားတို့ကပြောဆိုနေတဲ့အတွက် တစ်ဘက်နဲ့ တစ်ဘက်သံသယတွေ ကြီးထွားလာပြီးတော့ ဘယ်တော့မှ လမ်းမှန်ကို ရောက်မှာမဟုတ်ဘူး။ အမေရိကန်အနေနဲ့ အီရတ်ကို ကျူးကျော်တယ်၊ အာဖဂန်နစ္စတန်ကို ကျူးကျော်တယ်။ နှစ်အကန့်အသတ်မရှိ ဂွာတနာမို (Guantanamo Bay detention camp) ချုပ်ထားတယ်။ နောက်ပြီးတော့ မောင်းသူမဲ့ လေယဉ်တွေနဲ့ ပစ်ခတ်တယ်စသဖြင့် လူအခွင့်အရေးတွေ အများကြီးချိုးဖောက်နေတာပဲ။ ဒါတွေကျတော့ ခင်ဗျားတို့ ဘယ်အစီရင်ခံစာမှာမှ  တင်ပြတာမရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာ အချင်းချင်း ဖြစ်နေတာကိုတော့ ခင်ဗျားတို့က ဖိအားတွေပေးတယ်။ ကျွန်တော်တို့ကို အရေးယူဖို့ပြောတယ်။ ဒီလိုခဏ ခဏ ပြောနေတာတော့ မကောင်းဘူး။ ကျွန်တော်တို့ နိုင်ငံရေးအားနည်းလို့ ခင်ဗျားတို့ လုပ်နေတာနဲ့ တူတယ်။ ဒါဟာကောင်းသော ရည်ရွယ်ချက်မဟုတ်ဘူး။ ဒီတစ်ခေါက် မစ္စတာနမ်ဘီးယားလာတာကတော့ ကောင်းသောလာခြင်းဖြစ်ပါစေ။ ကုလသမ္မဂကောင်စီမှာ တင်ပြတဲ့အခါမှာလည်း ကျွန်တော်တို့ရခိုင်တွေအတွက် မျှော်လင့်ချက်တွေ၊ အကျိုးရလဒ်ကောင်းတွေဖြစ်စေမယ့် အစီရင်ခံစာမျိုးပဲဖြစ်ဖို့ ကျွန်တော်ဘက်က တင်ပြလိုက်ပါတယ်။

(မေး- ဟုတ်ကဲ့။ နမ်ဘီးယားက ဘာပြောသွားပါသလဲ။)

ဖြေ- နမ်ဘီယားကတော့ တစ်ခေါက်ထက် တစ်ခေါက်နားလည်လာတယ်ပေါ့နော်။ အခုရခိုင်တွေရဲ့ ပြသနာက တော်တော့်ကိုနက်နဲတဲ့ အခြေခံအကြောင်းအရင်းတွေရှိနေပါတယ်။ သမိုင်းကြောင်းဆိုင်ရာတွေ ရှိနေတယ်ဆိုတာ သဘောပေါက်လာတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့လည်း အရင်အမြင်မျိုးနဲ့လည်း မတူတော့ဘူး။ အလုပ်ဖြစ်မယ့် အနေအထားမျိုးတွေ ၀ိုင်းပြီးစဉ်းစားလာတဲ့ အခြေအနေရှိတယ်။ ရခိုင်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း လုပ်ပေးရမယ်။ တာဝန်ရှိတယ်ဆိုတာမျိုးကို ကျွန်တော်တို့ဘက်က အခုချိန်မှာစဉ်းစားလာပြီဖြစ်လို့ ဒါဟာကုလသမဂ္ဂမှာ ရောက်ရင်လည်းပဲ ဒါကိုအဖြစ်မှန် အရင်ကလိုမဟုတ်တော့ပဲ တစ်ဘက်စောင်းနင်း မဟုတ်တော့ပဲ အဖြစ်မှန်တရားကို အလုပ်ဖြစ်အောင် ကျွန်တော်တို့တင်ပြပေးပါ့မယ်ဆိုပြီးတော့ ပြောဆိုသွားခဲ့ပါတယ်။

(ဦးသန်းထွန်း)

(မေး- မစ္စတာ နမ်ဘီးယားနဲ့ စစ်တွေမှာ ဘာတွေဆွေးနွေးခဲ့ကြပါသလဲ။)

ဖြေ- ယူအန် နဲ့ ရခိုင်တွေကြားမှာ နားလည်မှုတည်ဆောက်ဖို့လိုတယ်ပေါ့။ ဒုတိယတစ်ချက်ကတော့ အတူယှဉ်တွဲနေထိုင်ဖို့ထက် ရခိုင်ခေါင်းဆောင်တွေက မူဆလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသင့်တယ်ပေါ့။ နောက်တစ်ချက်ကတော့ ၁၉၈၂ ခုနှစ်ဥပဒေ အကောင်အထည်ဖော်ရေးမှာ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြဖို့နဲ့ ယူအန်အဖွဲ့အစည်းသည် ဘက်မလိုက်မှု၊ တရားမျှတမှု၊ လူသားချင်းစာနာမှုတွေကို ဆောင်ရွက်တယ်ဆိုတာတွေ။ ဒါပေမယ့် ဒီဒေသမှာတာဝန်ထမ်းဆောင်နေတဲ့ ၀မ်းထမ်းအချို့က မှားနေတာတွေရှိကောင်း ရှိနိုင်တယ်ဆိုပြီးပြောတယ်။ နောက်ပိုင်းမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးရင်းနဲ့ ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို ဆောင်ရွက်သွားမယ်ဆိုတာလည်းပြောသွားပါတယ်။

(မေး- ဆရာတို့ဘက်ကရော သူ့ကိုဘာတွေပြောလိုက်ပါသလဲ။)

ဖြေ- ကုလသမဂ္ဂကိုယ်တိုင် ရိုဟင်ဂျာဆိုတဲ့စကားကို သုံးနေသေးသမျှတော့ ရခိုင်ပြည်ကပြသနာတွေက ပြီးဆုံးလာမှာမဟုတ်ဘူး။ ကုလသမဂ္ဂက ဘင်္ဂလီတွေဆီသွားပြီးတော့ မင်းတို့ဟာ ရိုဟင်ဂျာတွေမဟုတ်ပါဘူး ဆိုပြီးသွားပြောရမယ့် ကိစ္စဖြစ်နေတယ်။ ယူအန်နဲ့ ရခိုင်တိုင်းရင်းသားတွေကြားမှာ နားလည်မှုတည်ဆောက်ဖို့ဆိုရင် ယူအန်ကိုယ်တိုင်က ရခိုင်ပြည်သူတွေရဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ဘဝအကျပ်အတည်းတွေ၊ ဘက်လိုက်ခံရမှုတွေ၊ ခွဲခြားဆက်ဆံခံရတဲ့ အသံတွေကို မြင်တတ်ဖို့လိုတယ်။ အရင်ဆုံး ယူအန်အနေနဲ့ အဖြစ်မှန်ကို အမှန်အတိုင်းမြင်တတ်အောင် ကြိုးစားပါ။ ဒီလိုမှ ယူအန်နဲ့ ရခိုင်တိုင်းရင်းသားတွေကြားမှာ နားလည်မှုတည်ဆောက်လို့ ရလိမ့်မယ်။ နောက်တစ်ခုက ၁၉၈၂ ခုနိုင်ငံသားဥပဒေကို အကောင်ထည်ဖော်ရာမှာ ၀ိုင်းဝန်းဆောင်ရွက်ပါဆိုတာက ပြောရမယ့် နေရာက မှားနေတယ်။ အမှန်က ဘင်္ဂလီတွေကိုပဲ အကောင်အထည်ဖော်ရာမှာ ပူးပေါင်းဆောင်ရွက်ပါလို့ပဲ သွားပြောရမှာ။ ပြီးတော့ ဘင်္ဂလီတွေနဲ့ ဟာမိုနီကျအောင် နေထိုင်ဖို့ပြောတဲ့ကိစ္စမှာ ဘင်္ဂလီတွေက လက်ရှိမှာ အာဏာပိုင်ဆိုင်ထားတဲ့ လက်နက် ကိုင်ဆောင် ထားတဲ့ လုံခြံုရေးယူထားတဲ့ ရဲတွေနဲ့တောင်မှ ဟာမိုနီကျအောင်နေလို့ရတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ရခိုင်တွေနဲ့ ဟာမိုနီဖြစ်အောင် နေထိုင်ပါလို့ ပြောဆိုတာက ယူအန်ကစိတ်ကူးယဉ်ခြင်းသာ ဖြစ်တယ်။ ကျွန်တော်တို့ဘက်ကတော့ အဲဒီအချက်တွေတင်ပြလိုက်တယ်။

(မေး- သူဘယ်နေရာတွေကို သွားခဲ့သေးလဲ။)

ဖြေ- သူမြေပုံမြို့ကိုသွားတယ်။ စစ်တွေက ဘင်္ဂလီဒုက္ခသည်စခန်းတွေကိုသွားတယ်။ စစ်တွေမြို့ထဲက အောင်မင်္ဂလာ ဘင်္ဂလီရ ပ်ကွက်ကို သွားခဲ့တယ်။

(မေး- နမ်ဘီးယား ရခိုင်ပြည်ကိုလာတာနဲ့ပတ်သတ်ပြီး သူ့နောက်ကွယ်မှာ ဘာတွေပါလာသလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေရှိမလဲဆိုတာ ခြံုငုံသုံးသပ်ပေးပါလားချင်ဗျ။)

ဖြေ- သူလာတဲ့ရည်ရွယ်ချက်က မစ္စတာကင်တန်းနားနေရာကိုဆက်ခံတဲ့ မစ္စယန်ဟီးလီးလာသွားတုန်းပြီး အပြန်မှာသူပြောတဲ့ စကားတွေက ရခိုင်လူထုနဲ့ နိုင်ငံတော်အစိုးရအတွက် အလွန်ဆိုးဝါးတဲ့ မှတ်ချက်တွေ ထွက်လာတယ်တဲ့။ အဲဒါတွေ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာသူက လာရောက်ပြီး ပြန််လေ့လာတာဖြစ်ပါတယ်လို့ သူကပြောတယ်။ သူပြောတဲ့အထဲမှာ ရခိုင်တွေ ယူအန်နဲ့ နားလည်မှု တည်ဆောက်ဖို့၊ ၁၉၈၂ ခု နိုင်ငံသားဥပဒေ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြဖို့ကိစ္စတွေ၊ တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီတွေ တွေ့ဆုံဆွေးနွေးကြဖို့ ကိစ္စတွေပြောပါတယ်ခင်ဗျ။

(မေး- ဒီခရီးစဉ်က ရခိုင်ပြည်နယ်အတွက်သာမက မြန်မာနိုင်ငံတွက်ပါ အကျိုးရှိမယ့် ခရီးစဉ်လို့ထင်ပါသလား။)

ဖြေ- ကျွန်တော်ကတော့ ထူးမခြားနားခရီးစဉ်လို့ပဲ သုံးသပ်ပါတယ်။ သိပ်ထူးထူးခြားခြားကြီးဖြစ်လာမယ့် ခရီးစဉ်မျိုးမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဘက်ကသေသေချာချာလေး ပြောရတဲ့အချက်တွေရှိပါတယ်။ ဘာလဲဆိုတော့ ကုလသမဂ္ဂ ကိုယ်တိုင်က ရိုဟင်ဂျာဆိုတဲ့စာလုံးသုံးနေသမျှ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြသနာတွေ ဘယ်တော့မှပြီးလာမှာမဟုတ်ဘူး။ ရခိုင်တွေနဲ့နားလည်မှု တည်ဆောက်ဖို့ဆိုရင် ကုလသမ္မဂကိုယ်တိုင်က ရခိုင်တွေရဲ့လက်ရှိခံစားနေရတဲ့ အနေအထား၊ တစ်ဖက်သတ် ဘက်လိုက်ခံရမှုတွေကို အမှန်မြင်တတ်ဖို့ အရေးကြီးတယ်။ နောက်တစ်ခုက ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေအရ စစ်ဆေးလို့ နိုင်ငံသားဖြစ်လာမယ့်ဘင်္ဂလီတွေနဲ့ ဘယ်လိုနေမလဲဆိုတာကို အဲဒီလူ (ဘင်္ဂလီ) တွေနဲ့ပဲဆွေးနွေးလို့ရမယ်။ ဒီနိုင်ငံသား မဖြစ်သေးတဲ့ ဘင်္ဂလီတွေနဲ့တော့ ဘယ်လိုမှ မဆွေးနွေးနိုင်ဘူး။ ဒါကြောင့် ၁၉၈၂ နိုင်ငံသားဥပဒေကို အကောင်အထည်ဖော်ဖို့ အစိုးရကိုကူညီပေးပါ။ ၁၉၈၂ ဥပဒေက နိုင်ငံသားဖြစ်လာတဲ့သူတွေနဲ့ ကျွန်တော်တို့ဆွေးနွေးဖို့ စဉ်းစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

Most read this week