ဒေါ်စုအား မတရား ဖမ်းဆီး ရုံးတင် စစ်ဆေးခြင်း အပေါ် ရခိုင်အမျိုးသားများက ဆန္ဒပြ ကန့်ကွက်

ဒေါ်စုအား မတရား ဖမ်းဆီး ရုံးတင် စစ်ဆေးခြင်း အပေါ် ရခိုင်အမျိုးသားများက ဆန္ဒပြ ကန့်ကွက်
by -
မောင်အေး
ဘင်္ဂလာဒေ့ချ်နိုင်ငံကို ရောက်ရှိနေကြသည့် ဒီမိုကရေစီ အရေး လှုပ်ရှားနေသူ ရခိုင် အမျိုးသား အင်အားစုများက ဒေါ်အောင် ဆန်းစုကြည်ကို နအဖ စစ်အစိုးရက မတရား ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးသည့် အပေါ် မကျေနပ် သဖြင့် မြို့ နှစ်မြို့တွင် တပြိုင်နက်တည်း စုဝေးပြီး မေလ ၁၈ ရက်နေ့က ဆန္ဒပြ ကန့်ကွက် ...

(နိရဥ္စရာ) ဘင်္ဂလာဒေ့ချ်နိုင်ငံကို ရောက်ရှိနေကြသည့် ဒီမိုကရေစီ အရေး လှုပ်ရှားနေသူ ရခိုင် အမျိုးသား အင်အားစုများက ဒေါ်အောင် ဆန်းစုကြည်ကို နအဖ စစ်အစိုးရက မတရား ဖမ်းဆီးပြီး ရုံးတင် စစ်ဆေးသည့် အပေါ် မကျေနပ် သဖြင့် မြို့ နှစ်မြို့တွင် တပြိုင်နက်တည်း စုဝေးပြီး မေလ ၁၈ ရက်နေ့က ဆန္ဒပြ ကန့်ကွက် ခဲ့ကြသည်။

ဒက္ကားမြို့ ဆန္ဒပြပွဲကို ရခိုင် အမျိုးသမီး အစည်းအရုံးက ဦးဆောင်ပြီး ကော့ဘဇားခေါ် ဖလောင်းချိတ်မြို့ ဆန္ဒပြပွဲကို အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဌာနခွဲ)မှ ဦးဆောင်ခဲ့သည်။

ကော့ဘဇားမြို့ ဆန္ဒပြပွဲတွင် ဒီမိုကရေစီ အရေး လှုပ်ရှားသူ ရဟန်းတော်များ အပါအဝင် လူပေါင်း ၄ဝ ခန့်ပါဝင်ပြီး ဆန္ဒပြပွဲကို ကော့ဘဇားမြို့ သတင်းသမား အဆောက်အဦးရှေ့တွင် နံနက် ၁၁ နာရီမှ စတင် ပြုလုပ် ခဲ့ကြသည်။

ဦးဆောင် လှုပ်ရှားသူ အရှင်ခေမိန္ဒက “ဦးဇင်းတို့က ဒေါ်အောင်ဆန်းစုကြည်ကို နအဖက မတရား ဖမ်းဆီး ထားတာကို မလိိုလားတဲ့ အပြင် အခုနအဖ လုပ်ရပ်ကို မြန်မာပြည်သူ တရပ်လုံးက သာမက ကမ္ဘာပြည်သူတွေ ကလည်း လက်မခံတဲ့ အတွက် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ရေးကို ရည်ရွယ်ပြီး အခုလိုဆန္ဒပြ တောင်းဆို ရတာဖြစ်တယ် “ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွတ်၊ ရွှေဝါ ရောင် အရေးတော်ပုံ အောင်ရမည်၊ ကြားဖြတ် အစိုးရ ဖွဲ့စည်းကြ၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အလိုမရှိ စသည်တို့ကို ကြွေးကြော်် ဆန္ဒပြ ခဲ့ကြပြီး ဒေသခံ ဘင်္ဂလီ လူမျိုးအများအပြား လာရောက် အားပေးခဲ့ကြသည်။

ဒက္ကားတွင်ပြုလုပ်သည့် ဆန္ဒပြပွဲနှင့် ပတ်သက်ပြီး ရခိုင် အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ယခုကဲ့သို့ ပြောသည်။

“ကျမတို့အခုလို ဆန္ဒပြရကန့်ကွက်ရတာက နေအိမ် အကျယ်ချုပ်နဲ့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ သူ့ကို ကူညီပေးနေတဲ့ ဒေါ်ခင်ဝင်းနဲ့ ဝင်းပပတို့ သားအမိ နှစ််ဦးကို မတရား ဖမ်းဆီးပြီး ရုံးတင်စစ် ဆေးနေတဲ့အတွက် ဖြစ်ပါတယ်။ ဒါဟာ လုံးဝ မတရား ကိစ္စ ဖြစ်တယ်။ ကျွန်မတို့ လက်ပိုက် ကြည့်နေလို့ မရဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်ခင််ဝင်းတို့ သားမိ လွတ်မြှောက်ဖို့အတွက် လာရောက် ဆန္ဒပြရတာ ဖြစ်တယ်။ ဒါ့အပြင် နိုင်ငံရေး ကျဉ်းသားတွေ အားလုံးကိုလည်း အမြန်ဆုံး လွတ်ပေးဖို့လည်း ကျွန်မတို့ ဒီနေရာ အလေးအနက် တောင်းဆိုတယ်။ တိုင်းပြည်အတွက် ဘာမှ အကျိုး မရှိတဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ရပ်တန့်ပြီး အမြန်ဆုံး တရာမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေး ဖို့ ကျွန်မတို့ တောင်းဆို ပါတယ် ။“

ဒက္ကားမြို့ ဆန္ဒပြပွဲတွင် ရခိုင် အမျိုးသမီး ၃ဝ ကျော်ခန့်က ပိုစတာများ ဒေါ်စုပုံများကို ကိုင်ဆောင်ပြီး ဒေါ်စုနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်ပေးရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ပြီး နံနက် ၁ဝ နာရီမှ ၁၁ နာရီထိ ဆန္ဒပြခဲ့ကြသည်။

ဖလောင်းချိတ်မြို့၌ ပြုလုပ်သည့် ကန့်ကွက် ဆန္ဒပြပွဲတွင် ဘင်္ဂလီ အမျိုးသား အများအပြားက လာရောက် ပူးပေါင်း ပါဝင်ခဲ့ကြပြီး Bangladesh Student union Of Cox's Bazar မှ ဥက္ကဌ ရီတင်း မှလည်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ကို စစ်အုပ်စုမှ မတရား ဖမ်းဆီးထားသည်ကို မိမိတို့လက်မခံနိုင်ကြောင်းနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး အတွက် ဘင်္ဂလီ ပြည်သူများမှလည်း ကူညီပံ့ပိုးရ မည်ဖြစ်ကြောင်း ဘင်္ဂလီစကားဖြင့် သူပြည်သူများကို တိုက်တွန်း ပြောကြားခဲ့သည်ဟု သိရသည်။

Most read this week