မောင်တော မြောက်ပိုင်းမှ တိုင်းရင်းသားများဘဝ မှတ်တမ်းရုပ်သံရိုက်ကူးမည်

မောင်တော မြောက်ပိုင်းမှ တိုင်းရင်းသားများဘဝ မှတ်တမ်းရုပ်သံရိုက်ကူးမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကျေးရွာများတွင် နေထိုင်သော ဒေသခံ ရခိုင်တိုင်းရင်းသားတို့၏ လက်ရှိ ဘဝအခြေအနေများအား ရုပ်သံမှတ်တမ်းရိုက်ကူးကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့ အစည်းများသို့ ပေးပို့ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ရိုက်ကူးရေး စီစဉ်သူ တစ်ဦးဖြစ်သည့် စစ်တွေမြို့မိမြိုဖ ဦးသန်းထွန်းက ပြောသည်။

“ပထမအကြိမ်အနေနဲ့တော့ မှတ်တမ်းတင် ဗီဒီယိုခွေရိုက်မယ်ပေါ့၊ ခွေရိုက်ပြီးရင် ကျွန်တော်တို့ ဖြန့်သင့် ဖြန့်ထိုက်တဲ့ လူတွေဆီကို ဖြန့်မယ်၊ မှတ်တမ်းမှတ်ရာထားပြီး နိုင်ငံတကာအဖွဲ့တွေကို ဖြန့်မယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကိုလည်း ပေးမယ်။ အဓိကတော့ဗျာ မောင်တောမြို့နယ်က ရခိုင်တိုင်းရင်းသားလူနည်း စုတွေရဲ့ဘဝ ဘယ်အခြေကို ရောက်နေတယ်ဆိုတာကို အများက သိရှိစေလိုတဲ့ အတွက် ဒီမှတ်တမ်းတင် ကားကိုရိုက်ဖို့ စီစဉ်ရတာပါ” ဟု ဦးသန်းထွန်းက ပြောသည်။

ယင်း ဗွီဒီယို ရိုက်ကူးမှတ်တမ်းတင်ခြင်းကို လာမည့် စက်တင်ဘာ လဆန်းတွင် စတင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဦးသန်းထွန်းက ပြောသည်။

“ စက်တင်ဘာလမှာ အစီအစဉ် စမယ်။ ရိုက်ပီးတဲ့နောက် နိုင်ငံတကာကို ဖြန့်မယ်။ အွန်လိုင်း(Online)မှာဖြန့်ဖို့တော့ အစီအစဉ် မရှိသေးပါဘူး” ဟု ၎င်းက ဆက်ဆိုသည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် အင်တာဗျူး နှင့် ဓာတ်ပုံမှတ်တမ်းများလည်း ပါဝင်မည်ဖြစ်ပြီး၊ ရိုက်ကူးမည့် သူများက မောင်တောမြိို့နယ် မြောက်ပိုင်း တိုင်းရင်းသားကျေးရွာ (၂၀)ခန့်သို့ ကွင်းဆင်းသွား ရောက် မည်ဖြစ်သည်ဟု မှတ်တမ်းရိုက်ကူးနိုင်ရေး ကူညီပံ့ပိုးနေသူ ကိုသန်းလှိုင်က ပြောသည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခဖြစ်စဉ်များနောက်ပိုင်းတွင် မောင်တော မြို့နယ် မြောက်ပိုင်းကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများ အနေဖြင့် စားဝတ် နေရေး အခက်အခဲများနှင့် လုံခြံုရေး ကင်းမဲ့မူများကို ပိုမိုခံစားလာရပြီး နေရပ် စွန့်ခွာမှုများရှိနေကြောင်း ကိုသန်းလှိုင်က ဆိုသည်။

“ နှစ်ပေါင်းများစွာ အရင်ကတည်းက မောင်တောမြို့နယ်က ကျေးရွာတွေမှာ အခြေချနေထိုင်တဲ့ ရခိုင်မျိုး နွယ်စုတွေဟာ လုံခြံုရေးအရ စိုးရိမ်မူ ဖြစ်ရာကနေ  လုံခြံုမူ ပိုကောင်းတဲ့ မြို့တွေကို ပြောင်းရွှေ့သွားကြတာတွေ အများကြီး ဖြစ်လာတယ်။ ကျန်ခဲ့တဲ့ လူတွေကလည်း တစ်နေ့တစ်နေ့ကို  စိုးရိမ်ကြောက်လန့်မှုကို ရင်ဝယ်ပိုက်ပြီး  ဖြစ်သန်းနေကြတယ်လေ”  ဟု​ ၎င်းက ပြောသည်။

သို့အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တည်ရှိသော တိုင်းရင်းသားကျေးရွာများမှာ အိမ်ခြေ (၁၀၀) ခန့် ရှိသော ကျေးရွာများမှာ မရှိသလောက်ပင် နည်းပါးသွားခဲ့သည်ဟု သိရသည်။

ကိုသန်းလှိုင်က ဆက်လက်၍ “ အဓိက သူတို့ ခံစားနေရတာ မလုံခြံုမှုပဲ” ဟု ပြောသည်။

လုံခြံုရေးအရ စိုးရိမ်မူ ဖြစ်ရာမှ မောင်တောမြို့ပေါ်မှလည်း အိမ်ထောင်စု အများအပြားမှာ ရန်ကုန်သို့ ပြောင်း ရွှေ့သွားကြခဲ့ကြသလို နောက်လည်း ပြောင်းရွှေ့သွားရန် စီစဉ်နေကြသည်ဟု သိရသည်။

လူဦးရေ စုစုပေါင်း လေးသိန်းခန့် ရှိသော မောင်တောမြို့နယ်တွင် ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက် စသည့်တိုင်းရင်း သား ဦးရေမှာ လေးသောင်းခန့်သာ ရှိနေကြောင်း သိရသည်။

Most read this week