ဆရာတော်ဦးဥတ္တမစိန်ရတုအခမ်းအနားကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်

ဆရာတော်ဦးဥတ္တမစိန်ရတုအခမ်းအနားကျင်းပရေး သတင်းစာရှင်းလင်းပွဲပြုလုပ်
by -
နိရဥ္စရာ

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ စိန်ရတု အခမ်းအနားအား ရန်ကုန်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် အစီအစဉ်များ လုပ်ဆောင်နေပုံနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ခုကို သြဂုတ်လ (၂၃) ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ရန်ကုန်မြို့ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသာရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ဦးဥတ္တမနေ့ကျင်းပရေး ကော်မီတီ ဥက္ကဌ ဒေါက်တာစံလှကျော်၊ ကျင်းပရေးကော်မီတီနာယက ဦးကျော်စိန်နှင့် နာယက ဦးသန်းမောင် တို့ အပါ၀င် သတင်းထောက်များနှင့် စိတ်ပါ၀င်စားသူ ( ရ၀) ခန့် တက်ရောက်ခဲ့သည်။

Zaw-Aye-Mg-in-Press-conference

ဆရာတော် ဦဥတ္တမ စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို (၁) မြန်မာနိုင်ငံကို ကိုလိုနီဘဝက လွတ်မြောက်ပြီး လွတ်လပ်ရေးရရှိအောင် ဦးဆောင် လမ်းပြပေးခဲ့သူ လွတ်လပ်ရေး မျိုးစေ့ချပေးသူ ဆရာတော် ဦးဥတ္တမရဲ့ သမိုင်းကို ဖေါ်ထုတ်တင်ပြရန်၊ (၂) ဆရာတော်ဦးဥတ္တမ၏ မျိုးချစ်စိတ်ဓာတ်၊ စွမ်းဆောင်ချက်များနှင့် ဂုဏ်ကျေးဇူးတို့ကို မျိုးဆက်သစ်လူငယ်များသိရှိ ကြည်ညိုပြီး အတု ယူနိုင်ကြစေရန်၊ (၃) နိုင်ငံတော်အစိုးရက ဆရာတော်အား ထိုက်ထိုက်တန်တန် ဂုဏ်ပြုနိုင်ရေး အတွက် တင်ပြရန် စသည့် ဦးတည်ချက် သုံးရပ်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားဟု ဖြစ်မြောက်ရေး ဥက္ကဌ ဒေါက်တောစံလှကျော်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခင်က ဆရာတော်အား ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်ရှိ ကန်တော်မင် ပန်းခြံကို  ဦးဥတ္တမ ပန်းခြံ အဖြစ် သတ်မှတ်ခဲ့သော်လည်း ၁၉၅၈ ခုနှစ်မှ စတင်ကာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော အိမ်စောင့် အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ပြီး ကန်တော်မင်ပန်းခြံအဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်မှာ စိတ်ပျက် ၀မ်းနည်းစရာကောင်းကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ ဦးဥတ္တမကို ထိုက်ထိုက်တန်တန် တစ်ချိန်က ဂုဏ်ပြုပေးခဲ့လျှက်သားနဲ့ ဒီနေ့ခေတ်မှာတော့ ဆရာတော်ကို ဂုဏ်ပြုပေးတာ လုံးဝ မရှိသလိုဖြစ်သွားပါတယ်” ဟု ဆိုသည်။

ယင်းအပြင် ယခုခေတ် ကျောင်းသားလူငယ်မျာထဲတွင် ဆရာတော်ဦဥတ္တမကို သိရှိသူ နည်းပါးကြောင်း၊ ထိုသို့ ဖြစ်ရခြင်းမှာ လက်ရှိသင်ကြားနေသော အစိုးရ သင်ရိုးညွှန်းတန်းများတွင် ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်သည့် အကြောင်းအရာများကို ထည့်သွင်းသင်ကြားခြင်း မရှိ၍ ဖြစ်ကြောင်း ဒေါက်တာ စံလှကျော်က ယခုလို ပြောသည်။

“ ဒီဘက်ခေတ်မှာ လူငယ်တွေကို မေးရင် ဦးဥတ္တမဆိုတာ သိတဲ့သူ တော်တော်နည်းလာပြီ။ ကျောင်းတွေမှာ သင်ရတဲ့ သင်ရိုးတွေမှာ ဦဥတ္တမရဲ့ အကြောင်း၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး သမိုင်းတစ်လျှောက်မှာ ဦးဥတ္တမရဲ့ အရေးပါပုံတွေကို ထည့်သွင်း သင်ကြားတာမရှိလို့ မသိကြတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန် နိုင်ငံရေး မျိုးစေ့ချခဲ့သူ တစ်ဦး ဖြစ်သည် သာမက အာရှနိုင်ငံများ လွတ်မြောက်ရေးအတွက် နိုင်ငံရေး လှုပ်ရှားမှုများတွင် ဦးဆောင်မူ အခန်းကဏ္ဍမှ ပါ၀င်ခဲ့သဖြင့် ဆရာတော်၏ အရေးပါမှုများကို အစိုးရနှင့် ပြည်သူတစ်ရပ်လုံးမှ ထိုက်ထိုက်တန်တန် ဂုဏ်ပြုနိုင်ရေးအတွက် ကြိုးစား လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ယင်းပြင် ဆရာတော် ဦးဥတ္တမအား ထိုက်ထိုက်တန်တန် ဂုဏ်ပြုရန်အတွက်လည်း နိုင်ငံတော် အစိုးရအား တင်ပြသွားမည်ဟု သိရသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလ(၉)ရက်နေ့ကလည်း ရဟန်းရှင်လူ ပြည်သူတစ်ချို့ပါဝင်ကာ ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်သတ်မှတ်ပေးရန် နိုင်ငံတော် သမ္မတထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြရာ သမ္မတက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အား သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။

ယခုအခါ ရန်ကုန်တိုင်း စည်ပင်သာယာမှ စုံစမ်းရေး ကော်မတီအဖွဲ့မှ သုတေသနပြုချက်များအရ ကန်တော်မင် ပန်းခြံနေရာသည် ယခင်က ဦးဥတ္တမပန်းခြံအဖြစ် သတ်မှတ်ခဲ့သောနေရာဖြစ်ကြောင်း ထောက်ခံကာ နိုင်ငံတော် သမ္မတထံတင်ပြထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ကျွန်တော် ထင်ပါတယ်။ မကြာခင်မှာပဲ အားလုံး အောင်မြင်ပွင့်လင်းလာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကလည်း လာမည့် ဦးဥတ္တမနေ့မှာလည်း (ဦးဥတ္တမ ပန်းခြံ သတ်မှတ် ပေးဖို့) ထပ်ပြီး တောင်းဆိုကြမှာပါ” ဟု ဝန်ကြီးက ဆိုသည်။

ဦးဥတ္တမ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ် အထူးအစီအစဉ်အနေဖြင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ရာ၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းနှင့် တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲတွင် အလွတ်တန်းအဆင့် ကဗျာဆရာများ၊ စာရေးဆရာများ နှင့် ဝါသနာရှင်များလည်း ပါဝင် ယှဉ်ပြိုင် နိုင်ကြောင်း ဦးဥတ္တမ စိန်ရတု အခမ်းအနားဖြစ်မြောက်ရေး ကော်မတီက ဖိတ်ခေါ်ထားသည်။

ဦးဥတ္တမနေ့ (ရ၅) နှစ်မြောက် စိန်ရတုကို ရန်ကုန်တိုင်းရှိ ရခိုင်မြို့နယ်အသင်းများနှင့် လူမှုရေး အသင်းများ စုပေါင်းကာ ရန်ကုန်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် လာမည့် စက်တင်ဘာလ (၉) ရက်နေ့၌ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသွားမည် ဖြစ်သည်။

Most read this week