ရခိုင်အစိုးရ စီမံခန့်ခွဲမူညံ့ဖျင်းရာမှ ဘတ်ဂျက် (၁၃) ဘီလျံကျော် ပြည်ထောင်စု အစိုးရကို ပြန်အပ်ရ

ရခိုင်အစိုးရ စီမံခန့်ခွဲမူညံ့ဖျင်းရာမှ ဘတ်ဂျက် (၁၃) ဘီလျံကျော် ပြည်ထောင်စု အစိုးရကို ပြန်အပ်ရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမူ ညံ့ဖျင်းမူကြောင့် ၂၀၁၃-၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် ဘတ်ဂျက်ထဲမှ အသုံးမပြုနိုင်ဘဲ ပိုလျှံခဲ့ရသော ကျပ်ငွေ (၁၃ ဒသမ ၁၈) ဘီလျံ ကို ပြည်ထောင်စု အစိုးရသို့ ပြန်လည်အပ်နှံလိုက်ရသည်ဟု သတင်းရရှိသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် လွတ်တော်မှ စိစစ်ပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရမှ ခွင့်ပြုထားသည့် ဘတ်ဂျက်ငွေ စုစုပေါင်းမှာ ကျပ်ငွေ (၁၀၉) ဘီလျံ ဖြစ်သည်။

၎င်း (၁၀၉) ဘီလျံအထဲမှ (၁၃ ဒသမ ၁၈) ဘီလျံမှာ အသုံးမပြုနိုင်ခဲ့သဖြင့် ပြည်ထောင်စု အစိုးရသို့ ပြန်လည် အပ်နှံခဲ့ရခြင်း ဖြစ်သည်။

Road-in-Arakan-state-Myanmar

ဘတ်ဂျက်ငွေ (၁၃) ဘီလျံကျော်ကို ပြည်ထောင်စု အစိုးရသို့ ပြန်လည် အပ်နှံလို်က်ရသဖြင့် ရခိုင်ပြည်နယ် အတွက် အထူး နစ်နာခဲ့ရသည်ဟု ပြည်နယ်လွတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်မြကျော်ကပြော သည်။

“၂၀၁၃-၁၄ မှာ ပြည်နယ်အစိုးရအဖွဲ့ စီမံခန့်ခွဲခွင့်ရှိတဲ့ ဌာန (၂၅) ခုရှိတယ်။ အဲဒီ ဌာနတွေအတွက် တစ်နှစ်အတွက် (၁၀၉) ဘီလျံ တင်ပါတယ်။ အဲဒါကို ကျွန်တော်တို့လွတ်တော်က အသေချာ စိစစ်ပြီးခွင့်ပြု လိုက်တယ်။ ဒါပေမဲ့ အဲဒီ ဌာနတွေက စီမံခန့်ခွဲ့မှု မကောင်းသလို ဒီဘတ်ဂျက်တွေကို အသုံးမပြုနိုင်တဲ့အတွက် ပြည်ထောင်စု အစိုးရကို ပြန်ပေးလိုက်ရတာဖြစ်တယ်။ ဒီလိုဖြစ်ရတာဟာ ရခိုင်ပြည်နယ်အတွက် အကြီးအကျယ် နစ်နာမှု ဖြစ်ပါတယ်”  ဟု သူက ဆိုသည်။

ဘတ်ဂျက်ငွေကို အများဆုံး အသုံးမပြုနိုင်၍ ပြန်ပေးလိုက်ရသည့် ၀န်ကြီးဌာနမှာ ဆောက်လုပ်ရေး ၀န်ကြီးဌာနဖြစ်ပြီး ယင်းဝန် ကြီးဌာန တခုတည်းမှ ကျပ် ၁၀ ဘီလျံကျော် ပြန်ပေးခဲ့ရဟု ဆိုသည်။

“ အဓိကတော့ ဆောက်လုပ်ရေးနဲ့ လမ်းပမ်းဆက်သွယ်ရေးပိုင်းမှာ နစ်နာသွားပါတယ်။ ဆောက်လုပ်ရေး ၀န် ကြီးဌာနအတွက် ချပေးတဲ့ ဘတ်ဂျက်က အများဆုံးပါ။ ဘီလီယံ ၄၀ ခန့်ရှိမယ် ထင်တယ်။ ဒါပေမဲ့ အကောင်အထည် ဖော်နိုင်တာက ၅၀ ရာခိုင်နှုန်းတောင် မပြည့်ဘူး။ ဒါကြောင့် ကျွန်တော်တို့ လမ်း၊ တံတားပိုင်းမှာ အဓိက နစ်နာ သွားတယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဘတ်ဂျက်ငွေများ ပြန်ပေးလိုက်ရသည့်ကိစ္စနှင့် ပတ်သတ်ပြီး ယခုလ ၂၁ ရက်နေ့က ကျင်းပသည့် ရခိုင် ပြည်နယ် လွတ်တော် အစည်းအဝေးတွင် ဦးအောင်မြကျော်မှ ဝေဖန်ဆွေးနွေးခဲ့သော်လည်း အစိုးရအဖွဲ့ ၀န်ကြီး ဌာနများမှ တစ်စုံတရာ တာဝန်ယူ ဆွေးနွေးဖြေရှင်းမှု မရှိခဲ့ကြောင်း သူကဆိုသည်။

အလားတူ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်ကလည်း ရခိုင်ပြည်နယ်အတွက် သတ်မှတ်ထားသည့် ဘတ်ဂျက် အသုံးစရိတ်မှ ကျပ်ငွေ (၉) ဘီလျံကို အသုံးမပြျနိုင်သဖြင့် ပြည်ထောင်စု အစိုးရကို ပြန်လည် ပေးအပ်ခဲ့ရသည်ဟု သိရသည်။

ယခင် ရခိုင်ပြည်နယ် ၀န် ကြီးချုပ် ဦးလှမောင်တင်လက်ထက်တွင် (၂) နှစ််ဆက်တိုက် အသုံးစရိတ်ပိုနေခဲ့သည့် အတွက် ယခုလက်ရှိ ၀န်ကြီးချုပ် အသစ် ဗိုလ်ချုပ် မောင်မောင်အုန်း လက်ထက်တွင် ယခုကဲ့သို့ မဖြစ်ရအောင် မည်ကဲ့သို့ စီမံခန့်ခွဲမည်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဦးအောင်မြကျော်က ပြောဆိုသည်။

၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်အတွက် ကျပ် (၁၉၈) ဘီလျံ ခွင့်ပြုထားကြောင်းသိရသည်။

မြန်မာနိုင်ငံထဲမှ အဆင်းရဲဆုံးပြည်နယ် တစ်ခုအဖြစ် သတ်မှတ်ခံထားရသော ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စု အစိုးရမှ ချပေးသော ငွေများကို အသုံးမပြုဘဲ ပိုလျံနေသည်ဟု ဆိုကာ ပြန်လည် အပ်နှံနေသော ရခိုင်ပြည်နယ် အစိုးရ၏ လုပ်ရပ်အပေါ် အများပြည်သူက ဘဝင်မကျ ဖြစ်နေသည်ဟု သိရသည်။

Most read this week