စစ်တပ်က အသုံးမပြုဘဲပစ်ထားသောမြေ ဒေသခံများ ပြန်ရလို

စစ်တပ်က အသုံးမပြုဘဲပစ်ထားသောမြေ ဒေသခံများ ပြန်ရလို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကုလားချောင်းကျေးရွာမှ လယ်သမား (၅) ဦးပိုင်ဆိုင်သော လယ်မြေဧက (၅၀) ပေါ်တွင် လက်ရှိအချိန်တွင် စစ်တပ်မှ တစ်စုံတစ်ရာ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတော့သဖြင့် ၎င်းလယ်မြေများကို မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရန် လယ်သမားများက တောင်းဆိုလိုက်သည်။

၎င်းလယ်မြေမှာ ပုဏ္ဏာားကျွန်းမြို့နယ်၊ ကုလားချောင်းကျေးရွာနေ ဦးလယ်မောင်ဦးပါ လယ်သမား (၅) ဦးပိုင်ဆိုင်သော လယ်မြေများဖြစ်ကြကြောင်း၊ ယင်းမြေများမှာ ကုန်းတန်းကြိမ်ချောင်းအုပ်စု ကွင်းအမှတ် (၅၁၉) ဒေသအခေါ် မြင်းဝကွင်း ဖြစ်ကြောင်း၊ ဦးပိုင်အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ တို့ဖြင့် မြေစာရင်းဖွင့်၍ ရှိကြောင်း သိရသည်။

DSCN9855

“ ဒီမြေတွေကို ကျောက်တော် အခြေစိုက် ခမရ (၅၃၉) ကသိမ်းသွားတာပါ။ အခု စစ်တပ်ကလည်း ဘာမှ မလုပ်တော့ဘူး။ ဒါကြောင့် မြေတွေက ပျက်စီးနေတယ်။ ဒီအတွက် မူလ လယ်ပိုင်ရှင်တွေကို ပြန်ပေးရင် လုပ်ကိုင်စားသောက်လို့ ရနိုင်တာမို့ ပြန်တောင်းရတာပါ” ဟု လယ်မြေများ ပြန်ရရှိရန် တောင်းခံရာတွင် ဦးဆောင်သူ ဦးကျော်မြင့်တင်က ပြောသည်။

၎င်းလယ်မြေများအား ယင်းနေရာမှ မိုင် (၃၀) အကွာတွင် တည်ရှိသော ကျောက်တော် အခြေစိုက် ခမရ (၅၃၉) မှ ၂၀၀၀ ခုနှစ်တွင် သိမ်းဆည်းထားပြီး ယင်းနေရာတွင် ယခုအချိန်ထိ အစိုးရနှင့် သက်ဆိုင်သော အဆောက်အအုံ တစ်စုံတစ်ခုမှ တည်ဆောက်၍ မရှိသေးကြောင်းသူက ဆိုသည်။

“ ဒီလယ်မြေတွေကို အသိမ်းခံရတော့ လယ်သမား မိသားစုတွေက စားဝတ်နေရေး အခက်အခဲ ဖြစ်သွားတာပေါ့။ ကလေးတွေကို စာမသင်နိုင်ဘူး။ ကျောင်းမထားနိုင်ဘူး။ အဲသလို ဖြစ်သွားတယ်။ အခု ပြန်ရရင် မိသားစုတွေ ပြန်ပြီးတော့ အဆင်ပြေနိုင်ပါတယ်” ဟု ဆိုသည်။

ယင်းလယ်မြေ (၅၀) ဧကကို ပြန်လည် ရရှိရေးအတွက် လယ်သမားများက ၂၀၁၃ ခုနှစ် စက်တင်ဘာလ (၂၇) ရက် နေ့စွဲဖြင့် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမူ စုံစမ်းရေး ကော်မရှင်သို့ စာရေးတင်ပြ တောင်းဆိုခဲ့ရာ ၂၁၀၃ ခုနှစ် ဧပြီလ (၁၃) ရက်နေ့တွင် ၎င်းကော်မရှင်မှ အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး စောရွှေဦးဆောင်သော အဖွဲ့မှ လာရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။

“ သူတို့ လာစစ်ဆေးပေမယ့် ဒီနေ့ထိ ဘာမှ မထူးတာကြောင့် ထပ်စာရေးပြီး တင်ပြရတာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ ကျနော်တို့က ဥက္ကဌ၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမူ စုံစမ်းရေး ကော်မရှင်၊ ပြည်ထောင်စု လွှတ်တော်၊ နေပြည်တော်ကို စာရေးတင်ပြထားပါတယ်။ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ မပြောနိုင်သေးပါ” ဟု ဦးကျော်မြင့်တင်က ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က သိမ်းယူထားသော လယ်မြေများအထဲမှ အချို့သော လယ်မြေများကို စစ်တပ်က စွန့်လွှတ်ပြီး ဖြစ်သော်လည်း တရားဝင် ထုတ်ပြန်သော စာများ ရောက်ရှိခြင်း မရှိသဖြင့် လယ်သမားများအနေဖြင့် ၎င်းလယ်များကို ပြန်ရခြင်း ရှိ / မရှိ မသိနိုင်ဘဲ ဖြစ်နေကြသည်ဟု သိရသည်။

Most read this week