စစ်တွေမြို့တွင် လုံခြံုရေးကို တင်းကျပ်လိုက်ပြီ

စစ်တွေမြို့တွင် လုံခြံုရေးကို တင်းကျပ်လိုက်ပြီ
by -
မောင်အေး
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေးမည် ဖြစ်သဖြင့် ဆန္ဒပြပွဲများ မပေါ်ပေါက်ရအောင် စစ်တွေမြို့တွင် အာဏာပိုင်များက လုံခြံုရေးကို တင်းကျပ်လိုက်ပြီ ဖြစ်သည်။ အမည် မဖေါ်လိုသူ တဦးက “သူတို့က ရဲတပ်ဖွဲ့ဝင် ၄ဝဝ လောက်ကို အရေးကြီးတဲ့ နေရာတွေမှာ ...

ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေးမည် ဖြစ်သဖြင့် ဆန္ဒပြပွဲများ မပေါ်ပေါက်ရအောင် စစ်တွေမြို့တွင် အာဏာပိုင်များက လုံခြံုရေးကို တင်းကျပ်လိုက်ပြီ ဖြစ်သည်။

အမည် မဖေါ်လိုသူ တဦးက “သူတို့က ရဲတပ်ဖွဲ့ဝင် ၄ဝဝ လောက်ကို အရေးကြီးတဲ့ နေရာတွေမှာ တိုးမြှင့် ချထားလိုက်ပီး လုံခြံုရေးကို တင်းကျပ် ထားလိုက််တာ ဖြစ်ပါတယ်” ဟု ပြောသည်။

လုံခြံုရေးကို အဓိက တိုးမြှင့်ချထားလိုက်သော နေရာများမှာ ဘုရားကြီး၊ ဝေသာလီ အားကစားကွင်း၊ ဦးဥတ္တမပန်းခြံ၊ လောကာ နန္ဒာစေတီနှင့် ရဲကျော်သူကျောင်းတို့တွင် ဖြစ်သည်။

တခြား ရဟန်းတော် တပါးကလည်း “ လုံခြံုရေးကတော့ မနေ့က စပြီး ဘုရားကြီးမှာ အပြည့်ဘဲ။ ဒေါ်အောင်ဆန်းစုကြည်ကို တရားသာ စွဲတာ လူထု ဆူပူမူတွေ ပေါ်ပေါက်မှာကို သူတို့ကလည်း ခပ်ကြောက်ကြောက်ဆိုတော့ နေရာတိုင်းမှာ လုံခြံုရေးတွေကို တိုးချဲ့ ချထားလိုက်တာ ဖြစ်တယ်။ ဘုရားကြီး အထဲမှာဆိုရင် အိပ်တဲ့သူကအိပ် ထိုင်တဲ့သူက ထိုင်နဲ့ ရဲသား ၅ဝ လောက်ကို ချထားပါတယ်။” ဟု ပြောသည်။

ယခုကဲ့သို့ ဘုရားကြီး ပရဝုဏ်အတွင်း လုံခြံုရေးများ တိုးချဲ့ ချထားလိိုက်သဖြင့် ဘုရားဖူးလာသူ အရေအတွက် ယမန်နေ့က စပြီး လျော့နည်းသွားသည်ဟု သိရသည်။

တခြား လူကြီး တဦးမှလည်း “ဘုရားကြီးကို မနေ့က သွားတော့ ရဲသားတွေက အပြည့်ဘဲ။ စစ်တွေ လူထုကလည်း ဗမာပြည်ဘက်က လှုပ်ရှားမှုတွေကို စောင့်ကြည့် နေကြတယ်ဆိုတာ အာဏာပိုင်တွေက သိပါတယ်။ ပီးရင် အခု စစ်အစိုးရက ဒေါ်စု အပေါ် တရားစွဲဆိုဖို့ စီစဉ်နေတဲ့ လုပ်ရပ်ဟာ တရားနည်းလမ်း မကျဆိုတာကို လူတွေ အားလုံးကသိနေတဲ့ အတွက် ဆူပူ ဆန္ဒပြမူတွေ ပေါ်ပေါက်မှာကို စစ်အစိုးရက အထူး စိုးရိမ် နေတာကတော့ ထင်ရှားပါတယ်” ဟု ပြောသည်။

စစ်တွေအပါအဝင် တောင်ကုတ်၊ ကျောက်ဖြူ၊ မြောက်ဦးနှင့် ကျောက်တော်မြို့တို့တွင် ဒေါ်စု ဖမ်းဆီးခံရပြီးနောက် ကျောင်းသား လူငယ်များနှင့် ရဟန်းတော်များ အကြား မကျေနပ်မူ တိုးပွားလာနေပြီး အဆိုပါ ဖမ်းဆီးမူကြောင့် ရခိုင်လူထု အတွင်း ဘာဆက်ဖြစ်လာမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု သိရသည်။

ယခုကဲ့သို့ စစ်တွေတွင် ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကျက် ချထားလိုက်ပြီးနောက် လုံထိန်း တပ်ဖွဲ့ဝင်များကိုလည်း တပ်လှန့်ပြီး အဆင်သင့် ပြင်ထားသည်ဟု သိရသည်။
 

Most read this week