ရှစ်ဆယ်ရှစ် ရခိုင်ကျောင်းသားဟောင်းများပြန်စုစည်းမည်

ရှစ်ဆယ်ရှစ် ရခိုင်ကျောင်းသားဟောင်းများပြန်စုစည်းမည်
by -
နိရဥ္စရာ

ရှစ်ဆယ်ရှစ် ရခိုင်ကျောင်းသားဟောင်းများ ပြန်လည်စုစည်းနိုင်ရန်အတွက် ယခုလ ၂၃ ရက်နေ့တွင် မြောက်ဦးမြို့တွင် အစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

ယင်းအစည်းအဝေးအား ရှစ်ဆယ်ရှစ်ကျောင်းသားဟောင်းများ ပြန်လည်ဆုံစည်းရေးကော်မီတီ (ယာယီ)မှ ကြီးမှူးပြီး မြောက်ဦးမြို့ညောင်ပင်စျေး ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်သွားမည်ဟု ယင်းယာယီ ကော်မီတီ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသန်းနိုင်က ပြောသည်။

afp-photo 1375951190503-1-HD

“ အဓိကတော့ ရှစ်ဆယ်ရှစ် အရေးအခင်းမှာ တက်ကြွစွာပါ၀င်ခဲ့ကြတဲ့ ကျောင်းသားတွေကို ပြန်လည် စုစည်းပြီး ရခိုင်ပြည်နယ် အရေးနဲ့ ရခိုင်လူမျိုးအတွက် တစ်ခုခု လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ခုလို ရှစ်ဆယ်ရှစ် ကျောင်းသားဟောင်းတွေကို ပြန်စုဖို့ စီစဉ်ရတာပါ” ဟု သူက ဆိုသည်။

ယခု ပြုလုပ်မည့် အစည်းအဝေးသို့ စစ်တွေ၊ မြောက်ဦးနှင့် မောင်တော ခရိုင် (၃)ခု ကျောင်းသားဟောင်း (၇၀) နီးပါးတက်ရောက်ရန် ခန့်မှန်းထားကြောင်း များမကြာမီ ဘင်္ဂလာဒေချ့်က ပြန်လာပြီး ယင်းယာယီကော်မီတီဝင် တစ်ဦးဖြစ်သူ ကိုပြေသိန်း (ခေါ်) ကိုထွန်းထွန်းက ပြောသည်။

အလားတူ အစည်းအဝေးတစ်ခုကိုလည်း ကျောက်ဖြူမြို့တွင် လာမည့် စက်တင်္ဘာလတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ကျောက်ဖြူနှင့် သံတွဲခရိုင် တို့မှ ရှစ်ဆယ်ရှစ် အရေးအခင်းတွင် ပါ၀င် ပတ်သက်ခဲ့သူ ကျောင်းသားကျောင်းသူများ တက်ရောက်ကြမည်ဟု ဆိုသည်။

“ ဒီက ရရှိလာတဲ့ အစည်းအဝေးဆုံးဖြတ်ချက်၊ ကျောက်ဖြူက ရရှိလာတဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တွေ အပေါ်မှာ မူတည်ပြီး ရှစ်ဆယ်ရှစ်ကျောင်းသားဟောင်းများ အဖွဲ့ကို ဖွဲ့သွားမယ်။ အစိုးရဆီမှာတော့ လူမူရေးအဖွဲ့တစ်ခုအနေနဲ့ မှတ်ပုံတင်ပြီး လူပ်ရှားမူတွေကို ဆက်လက် ဆောင်ရွက်သွားပါမယ်။ နိုင်ငံရေး လူမူရေး လုပ်ငန်းတွေမှာ ပါ၀င် ကူညီ ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟု ဦးသန်းနိူင်က ဆက်ဆိုသည်။

ထိုသို့ ရှစ်ဆယ်ရှစ် ရခိုင်ကျောင်းသားဟောင်းများကို ပြန်လည် စုစည်းနိုင်ရေး အတွက် ရှစ်ဆယ်ရှစ် ကျောင်းသားဟောင်းများ ပြန်လည်ဆုံစည်းရေးကော်မီတီ (ယာယီ)ကို အဖွဲ့ဝင် (၁၃) ဦးပါ ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ ထိုအထဲတွင် ကိုကျော်ဇောဦး၊ ကိုစောနိုင်၊ ကိုဦးကျော်သန်း၊ ကိုဦးသန်းနိုင်၊ ကိုပြေသိန်း၊ ကိုစံမြင့်တို့ ပါ၀င်ကြောင်း သူက ပြောသည်။

ရခိုုင်ပြည်နယ် နိုင်ငံရေးလောကတွင် သမာသမတ်ကျပြီး ဘက်လိုက်မူကင်းကာ ကိုယ်ကျိုးစွန့်အနစ်နာခံလိုသော တတိယ အင်အားစု တစ်ခုကို လိုအပ်နေရာ ပြည်သူများက ဤအဖွဲ့အား ထိုသို့ အဖွဲ့မျိုး ဖြစ်လာရန် မျှော်မှန်းနေကြသည်ဟုလည်း သတင်းများ ရရှိသည်။

Most read this week