ရခိုင်မှ လယ်ယာမြေဆိုင်ရာပြသနာ(၂၀၀) ကျော်တွင် (၁၇)ခုကိုသာ ဖြေရှင်းနိုင်သေး

ရခိုင်မှ လယ်ယာမြေဆိုင်ရာပြသနာ(၂၀၀) ကျော်တွင် (၁၇)ခုကိုသာ ဖြေရှင်းနိုင်သေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော လယ်ယာမြေ ဆိုင်ရာ ပြဿနာ အမှုပေါင်း (၂၁၂)မှုတွင် ပြည်နယ် အစိုးရအနေဖြင့် ယခုအချိန်ထိ (၁၇) မှုခန့်ကိုသာ ဖြေရှင်းပေးနိုင်သေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ လယ်ယာမြေ ပြဿနာများအား ကိုင်တွယ်ဖြေရှင်းရာတွင် အချိန်နှောင့်နှေးကြန့်ကြာခြင်းများရှိနေပြီး ယခုအချိန်ထိ ပြဿနာ အနည်းစုကိုသာ ဖြေရှင်းပေးသေးကြောင်း မြေပုံမြို့နယ် မဲဆန္ဒနယ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

arakan-parliament

“ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်တွေကို မရောက်ဘဲ ကျွန်တော်တို့လက်ထဲမှာ ရောက်နေတဲ့ လယ်ယာမြေအမှုတွေ အများကြီးပါပဲ။ ဒီနေ့ထက်တိုင် ဒါတွေကို သက်ဆိုင်ရာ မြို့နယ်တွေ၊ ခရိုင်၊ ပြည်နယ်၊ အစိုးရအဆင့်ဆင့်က ဖြေရှင်းပေးနိုင်တာ မရှိသေးပါဘူး။ တစ်ချို့ ဖြေရှင်းတဲ့ အမှုတွေမှာဆိုရင်လည်း ဥပဒေနဲ့ အညီ ဆောင်ရွက်တာကို မတွေ့ရဘူး။ တော်တော် အားနည်းပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်မှ လယ်ယာမြေပြဿနာအများစုမှာ စစ်တပ်က သိမ်းဆည်းထားပြီး မူလပိုင်ရှင်များထံ ပြန်မပေးသည့် ပြဿနာ၊ စီးပွားရေးသမားများက လယ်သမားများထံမှ နည်းအမျိုးမျိုးဖြင့် သိမ်းယူထားသည့် ပြဿနာ၊ တပ်မတော်က ပြန်ပေးသော်လည်း မူလပိုင်ရှင်များ လက်ထဲ ပြန်မရောက်သည့် ပြဿနာများနှင့် စားကျက်မြေ အငြင်းပွားမှုပြဿနာများ ဖြစ်ကြောင်း ဦးအောင်ဝင်းက ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ လယ်ယာမြေပြဿနာများ၊ စားကျက်မြေ အငြင်းပွားမှု အများစုမှာ ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်များတွင် ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။

ထို့ကြောင့် ယင်းပြဿနာများကို အစိုးရအနေဖြင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ မြန်ဆန်စွာ ဖြေရှင်းပေးရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့် အဆိုကို မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းမှ သြဂုတ်လ ၁၈ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ဟု သိရသည်။

ယင်းအဆိုအား ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် လာမည့် သြဂုတ်လ (၂၀)ရက်နေ့ နောက်ဆုံးထား ကာ စာရင်းပေးသွင်းရမည်ဟု လွှတ်တော်တွင် ကျေညာထားကြောင်း  လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။

ယခု ကျင်းပလျှက်ရှိသော ပထမအကြိမ် ဒဿမပုံမှန် ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို ၂၀၁၄ ခုနှစ် သြဂုတ်လ (၁၃) ရက်မှ စက်တင်ဘာ (၅) ရက်နေ့အထိ ရက်ပေါင်း နှစ်ဆယ်ကျော်ကြာ ကျင်းပသွားမည်ဖြစ်သည်။

Most read this week