သံတွဲ သီတဂူမေတ္တာ စက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိအခမဲ့စမ်းသပ် ကုသပေးမည်

သံတွဲ သီတဂူမေတ္တာ စက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိအခမဲ့စမ်းသပ် ကုသပေးမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သီတဂူမေတ္တာစက္ခုဒါန ဆေးရုံတော်ကြီးတွင် လာမည့် သြဂုတ် ၂၄ ရက်မှ စတင်ကာ သံတွဲခရိုင်အတွင်းမှ မျက်စိဝေဒနာရှင်များအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မျက်စိ အခမဲ့ စမ်းသပ်ကုသခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆေးရုံကော်မတီဝင်များက ပြောဆိုသည်။

ထိုကဲ့သို့ မျက်စိဝေဒနာရှင်များအား အခမဲ့ မျက်စိစမ်းသပ်ကုသခြင်းလုပ်ငန်းများကို သံတွဲခရိုင် ဆေးရုံကြီးတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော ဆရာဝန် ဒေါက်တာ လှိုင်ဝင်းက ဆောင်ရွက် ပေးမည်ဖြစ်သည်။

မျက်စိရောဂါစမ်းသပ်မှုများဆောင်ရွက်ခြင်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် (၁၁)အချိန်မှ စတင်ကာ လူနာ (၅၀) ဦးအထိ လက်ခံ စစ်ဆေးကုသဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ဆေးရုံကော်မတီအတွင်းရေးမှူး ဦးမြင့်အောင်က ပြောသည်။

“ တစ်နေ့ကို လူနာ (၅၀)ထိ လက်ခံမယ်။ နေ့လည် (၁၁)နာရီက စပြီး အကုန်လုံးပြီးတဲ့အထိ ကြည့်ပေးမှာ” ဟု ၎င်းက ပြောသည်။

မျက်စိဝေဒနာရှင်များအတွက် လိုအပ်သော ဆေးဝါးများကို သီတဂူမေတ္တာစက္ကုဒါနဆေးရုံကော်မတီမှ လှူဒါန်းကူညီမည်ဖြစ်သည်ဟု ဦးမြင့်အောင်က ဆိုသည်။

သီတဂူမေတ္တာစက္ခုဒါနဆေးရုံတော်တွင် အခမဲ့ မျက်စိစမ်းသပ်ခွင့်ရမည်ဆိုသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရ ကြောင်း သံတွဲမြို့၊ ဒွာရာဝတီမြို့သစ်(က)ရပ်ကွက်မှ ဒေါ်တင်မျိုးဝေက ယခုလို ပြောသည်။

“အဆင်ပြေပါတယ်၊ ကျွန်မကိုယ်တိုင်က မျက်စိမကောင်းဘူးလေ။ မျက်စိသွားပြမယ်ဆိုတော့ စမ်းသပ်ခ၊ ဆေးဖိုးနဲ့ မတတ်နိုင်ဘူး။ ဒီလိုပဲ မျက်စိ အကန်းခံလိုက်ရတဲ့ လူတွေလည်း အများကြီးရှိခဲ့တယ်။ ခုတော့ အခမဲ့ကုသနိုင်မယ်ဆိုတော့ အရမ်းကောင်းတာပေ့ါ” ဟု သူမက ပြောသည်။

သံတွဲ သီတဂူမေတ္တာ စက္ခုဒါနဆေးရုံတော်ကြီးကို သီတဂူဆရာတော် အရှင်ဉာဏိဿရက ဦးဆောင်ကာ သီတဂူသာသနာပြုအဖွဲ့နှင့် သံတွဲဒေသခံများ ပူးပေါင်းပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက သံတွဲမြို့တွင် ဖွင့်လှစ်ခဲ့ရာ သီတဂူဆရာတော်ကြီးကိုယ်တိုင် ကြွရောက်ခဲ့သည်။

၎င်းမျက်စိ ဖွင့်ပွဲတွင် မျက်စိဝေဒနာရှင် (၁၆၁၀) ဦးအား အခမဲ့ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ မျက်စိရောဂါဝေဒနာရှင် (၃၀၁) ဦးအား အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့သည်ဟု သိရသည်။

Most read this week