မြောက်ဦးမြို့တွင် ထားရှိမည့် ဦးဥတ္တမကြေးရုပ်ထု သွန်းလုပ် ပြီးစီး

မြောက်ဦးမြို့တွင် ထားရှိမည့် ဦးဥတ္တမကြေးရုပ်ထု သွန်းလုပ် ပြီးစီး
by -
နိရဥ္စရာ

မြောက်ဦးမြို့ အနော်မာပန်းခြံတွင်ထားရန် ကြေးပိဿာချိန် ၃၀၀ ခန့်အသုံးပြုပြီး သွန်းလုပ်နေသည့် ဆရာတော် ဦးဥတ္တမရုပ်ထုတော်မှာ ယခုအခါ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကြေးရုပ်ထုသွန်းလုပ်ရသည့် ရည်ရွယ်ချက်ကို မြောက်ဦးမြို့မှ ဦးမောင်ကျော်ဇောက ယခုကဲ့သို့ ပြောသည်။

“ဆရာတော် ဦးဥတ္တမဆိုတာက အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတခုတည်း အတွက် သာမက အာရှတခုလုံး နိုင်ငံရေးအမြင်ကို မြှင့်တင်ပေးခဲ့တယ်။ စတင်ပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ နောက်ပြီး စစ်တွေမြို့ဖွား ရခိုင်လူမျိုးဖြစ်တဲ့အတွက် သမိုင်းအဆက်ဆက်မှာ ဆရာတော်ကို မေ့ ပျောက်ထားခဲ့တာ၊ ပယ်ဖျောက် ထားခဲ့တာတွေကို ပြန်ပြီး အခုခေတ် လူငယ်တွေ ဆရာတော် အကြောင်းကို သိအောင်၊ မိမိတို့ရခိုင်မျိုးအတွက် ဂုဏ်ယူတတ်လာအောင်၊ ပြီးတော့ ဆရာတော်ရဲ့ လုပ်ရပ်တွေကို အတုယူပြီး တချိန်ချိန်မှာ ခေါင်းဆောင် တတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ် တယ်” ဟု ဆိုသည်။

ဦးဥတ္တမ ကြေးရုပ်ထုကို မြောက်ဦးမြို့နယ်တခုလုံးမှ စေတနာရှင်များ၏ စုပေါင်းအလှူထည့်ဝင်မှုဖြင့် မြောက်ဦးမြို့ ကြေးသွန်းဆရာကြီး ဦးကျော်သာညွန့်မှ ၆ လခန့် အချိန်ယူ သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။

သွန်းလုပ်ပြီးစီးသွားပြီဖြစ်သည့် ဆရာတော်ရုပ်ထုကို ယခုလ၂၂ ရက်နေ့တွင် မြောက်ဦးမြို့တပတ် လှည့်လည် အပူဇော်ခံမည်ကြောင်း သိရသည်။

လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ဆရာ ဦးဥတ္တမ (၇၅) နှစ်မြောက် စိန်ရတု နှစ်ပတ်လည်နေ့တွင် အဆိုပါရုပ်ထုကို အခမ်းအနားများဖြင့် အနော်မာ ပန်းခြံတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းလည်း ဦးမောင်ကျော်ဇောက ယခုကဲ့သို့ ဆက်ပြောသည်။

“ အဲဒီနေ့မှာ ဆရာတော်ရုပ်ထုကို အနော်မာပန်းခြံမှာ ဖွင့်ပွဲလုပ်မယ်။ ဆရာတော်ရုပ်ထုရှေ့မှာ နိုင်ငံရေးပါတီတွေက ပန်းခွေတွေချမယ်။ သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းကျွေး အလှူအတန်း လုပ်မယ်။ ပြီးတော့ ဆရာတော်နဲ့ ပတ်သက်တဲ့ နံရပ်ကပ် စာစောင်တွေ၊ စာစီစာကုံုးပြိုင်ပွဲ တွေလည်း ထည့်သွင်းဖို့ စီစဉ်ထားပါတယ်။”

ဆရာတော်ကြေးရုပ်ထုကို ထားရှိမည့် သျှစ်သောင်းဘုရားအနီးရှိ အနော်မာပန်းခြံကိုလည်း ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲသတ်မှတ်သွားမည်ဖြစ်ကြောင်း ဦးမောင်ကျော်ဇောက ပြောဆိုသည်။

Most read this week