ဦးနှောက်အမြှေးရောင်ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ကိုးယောက်မြောက်ကလေး သေဆုံး

ဦးနှောက်အမြှေးရောင်ရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် ကိုးယောက်မြောက်ကလေး သေဆုံး
by -
နိရဥ္စရာ

စစ်တွေဆေးရုံကြီးတွင် ဦးနှောက် အမြှေးရောင် ရောဂါဖြင့် တက်ရောက်ဆေးကုနေသူ ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ မောင်နေဇော်လင်း (၁၀) နှစ် သြဂုတ်လ ၁၁ရက်နေ့က သေဆုံးသွားရာ ၎င်းကလေးငယ်သည် ယင်းရောဂါဖြင့် စစ်တွေဆေးရုံကြီးတွင် သေဆုံးသော (၉) ယောက်မြောက် ကလေးငယ်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးသေဆုံးသွားခဲ့သော ကလေးငယ် မောင်နေဇော်လင်း (၁၀) နှစ်သည် ရသေ့တောင်မြို့နယ် ကျောက်ရန်ရွာမှ (ဘ) ဦးလှဝင်း (မိ) ဒေါ်နိုင်နိုင်စိုးတို့၏ သားဖြစ်ပြီး ဆေးရုံသို့ရောက်ပြီး သုံးရက်ခန့်အကြာ တွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်သားက ဖျားတော့ စေတီပြင် တိုက်နယ်ဆေးရုံကို ပို့ပါတယ်။ ဆေးရုံ နှစ်ရက်နေခဲ့ပြီး ဦးနှောက် အမြှေးရောင် ရောဂါဖြစ်တဲ့အတွက် စစ်တွေ ဆေးရုံကြီးကို ပို့ပါဆိုလို့ စစ်တွေဆေးရုံကြီးကို ယူလာပါတယ်။ ဒီရောက်တော့ နှစ်ရက် သုံးရက်အတွင်းမှာဘဲ ကျွန်တော်သားက ဆုံးပါးသွားပါတယ်” ဟု ဖခင်ဖြစ်သူ ဦးလှဝင်းကဆိုသည်။

ဦးနှောက်အမြှေးရောင်ရောဂါဖြင့် သေဆုံးသွားသူ မောင်နေဇော်လင်းမှာ ယခုလပိုင်းအတွင်း(၉) ယောက်မြောက် သေဆုံးသွားသော ကလေးငယ် ဖြစ်ကြောင်း စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ဆန်းကလည်း အတည်ပြုပြောကြားသည်။

“  ဖြစ်တဲ့ ကလေးငယ်က ၄၀ ကျော်ရှိပါတယ်။ အရင်က ဒီရောဂါနဲ့ သေဆုံးသွားတဲ့ကလေးက ရှစ်ဦးဆိုတော့ ဒီကလေးက ၉ ယောက်မြောက် ဖြစ်ပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ယခုအခါ အခြေအနေတိုးတက်ကောင်းမွန်လာပြီး ရောဂါကိုလည်းထိန်းချုပ်နိုင်ပြီ ဖြစ်သည်ဟု ဒေါက်တာ အောင်ဆန်းက ဆိုသည်။

ယင်းပြင် အများစု ကလေးငယ်များမှာ သက်သာသွားပြီ ဖြစ်သဖြင့် ဆေးရုံက ဆင်းသွားကြပြီးဖြစ်သော်လည်း လက်ရှိ ဆေးရုံတွင် ကလေးငယ် ၁၂ ဦး ရှိနေသေးသည်ဟု သိရသည်။

ယင်း ဦးနှောက်အမြှေးရောင်ရောဂါကို ရခိုင်ပြည်နယ် အတွင်း ၂၀၀၇ ခုနှစ်လောက်က စတွေ့ခဲ့ရပြီး ယခင်နှစ်များက ဖြစ်ပွားသူ ကလေးငယ် အရေအတွက်မှာ ယခုနှစ်လောက် မများကြောင်း၊ ၂၀၁၃ ခုနှစ်ကဆိုလျှင် တစ်ဦးတစ်လေမှ ဖြစ်ပွားခြင်း မရှိကြောင်း ဒေါက်တာ အောင်ဆန်းက ဆိုသည်။

ဦးနှောက်အမြှေးရောင်ရောဂါသည် ၀က်၊ ကြွက်စသည့် ရောဂါ ဖြစ်ပွားနေသည့် တိရစ္ဆာန်တစ်ကောင်ကောင်အား ကိုက်ထားသည့်ခြင်မှ ကလေးငယ်များကို ထပ်ကိိုက်ရာမှ ကူးစက်လာသော ရောဂါဖြစ်ကြောင်း ဒေါက်တာက ပြောဆိုသည်။

အထူးသဖြင့် ၀က်ြံခံများအတွင်း ၀က်များအိုင်လူးသော ရေများတွင် ပေါက်ဖွားသောခြင်များဖြစ်ကြောင်း၊ သို့အတွက် သွေးလွန်တုတ်ကွေးရောဂါလို ခြင်ကို အဓိကထား နှိမ်နှင်းရန်လိုကြောင်း ဒေါက်တာ အောင်ဆန်းမှ ဆက်လက် ပြောဆိုသည်။

တစ်ဘက်တွင်လည်း ဦးနှောက်အမြှေးရောင်ရောဂါဖြင့် ကလေးငယ်များ သေဆုံးသူများပြားနေသဖြင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်မူများ တိုးပွားနေသည်ဟု သိရသည်။

Most read this week