နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကေအိုင်အို အလေးအနက်ထား စဉ်းစားမည်

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကေအိုင်အို အလေးအနက်ထား စဉ်းစားမည်
by -
ဇော်ကြီး
မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)က နယ်ခြား စောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ကိစ္စကို အလေးအနက်ထား စဉ်းစားမည်ဟု ပြော ...

မြန်မာ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)က နယ်ခြား စောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး ကိစ္စကို အလေးအနက်ထား စဉ်းစားမည်ဟု ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ကေအိုင်အို ဗဟိုကော်မတီအစည်းအဝေးကို ဌာနချုပ်လိုင်ဇာမြို့ တွင် ပြုလုပ်ခဲ့ပြီးနောက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အို အဖွဲ့၏ သုတေသနနှင့် လေ့လာရေးဌာန ညွန်ကြားရေးမှူး ဗိုလ်မှူးကြီးဂွန်မော်က ပြောသည်။

“ဒီကိစ္စကို ကျနော်တို့က လေးလေးနက်နက်စဉ်းစားမယ်။ စဉ်းစားပြီးတော့ ကျနော်တို့က သက်ဆိုင်ရာ လူကြီးတွေနဲ့ ပြန်ဆွေးနွေးမယ်။ ပြီးရင်ကျနော်တို့က ဒီမေလမကုန်ခင်မှာ တစ်ခါ ထပ်ဖြည့်ပြီးတော့ ဒီကိစ္စကို ဆွေးနွေးမယ်ဆိုပြီး အဲလိုလုပ်ထားတာပါ။ ဗဟိုကော်မတီ မှာလည်း ဒီကိစ္စကိုဘဲ ကျနော် တို့က အဓိကထားပြီးဆွေးနွေးတာပါ။”

ကေအိုင်အို ဗဟိုကော်မတီ အစည်းအဝေးကို ယခုလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး နယ်ခြားစောင့် တပ်ဖွဲ့ရန်ကိစ္စအား ဆွေးနွေးရန် သီးခြား ကော်မတီတရပ် ဖွဲ့၍ လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်ပြောသည်။

“ဒီကိစ္စကို ကျနော်တို့ ဆွေးနွေးနိုင်ဖို့အတွက် ကျနော်တို့ဗဟိုကော်မတီက သီးခြားတာဝန် ပေးအပ်တဲ့ ကော်မတီတစ်ခု ဖွဲ့စည်းမယ်။ ဖွဲ့စည်းပြီးတော့ ကျနော်တို့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ တွေ့ဆုံပြီး တော့ မေးမြန်းဆွေးနွေးခြင်းလုပ်မယ်။”

ကေအိုင်အိုဗဟိုကော်မတီအစည်းအဝေးက နယ်ခြားစောင့်တပ်ဖွဲ့ရန်ကိစ္စကို ငြိမ်းချမ်းရေး အကျိုးဆောင်လူကြီး များနှင့် ကချင်ပြည်သူများထံမှ အကြံဉာဏ်များ ရယူမည်ဟု ဆုံးဖြတ် ခဲ့သော်လည်း တပ်အသွင်ပြောင်းရေးကို ပြတ်သားစွာ ဆုံးဖြတ်နိုင်ခြင်းမရှိသေးပေ။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ၊် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းနှင့် ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တို့သည် လွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က တွေ့ဆုံကာ ကေအိုင်အိုအား နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းရန်ကိစ္စကို ဆွေးနွေးခဲ့သည်။

ယင်းကိစ္စအတွက် ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA.K)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA.N)၊ ဝ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊  ကိုးကန့်အဖွဲ့ တို့အား မြန်မာစစ်အစိုးရက သက်ဆိုင်ရာ ဒေ သအလိုက် သီးခြားစီ ခေါ်ယူတွေ့ ဆုံခဲ့သည်။

Most read this week