(၄၇) နှစ်မြောက် သြဂုတ် ၁၃ အခမ်းအနား ရခိုင်ပြည်နယ် နေရာအချို့တွင်ကျင်းပ

(၄၇) နှစ်မြောက် သြဂုတ် ၁၃ အခမ်းအနား ရခိုင်ပြည်နယ် နေရာအချို့တွင်ကျင်းပ
by -
နိရဥ္စရာ

သြဂုတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော (၄၇) နှစ်မြောက် August Thirteen ဟု လူသိများသော စစ်တွေဆန်ပြသနာနေ့ နှစ်ပတ်လည် အခမ်းအနားကို ရခိုင်ပြည်နယ် နေရာအချို့တွင် ကျင်းပခဲ့ကြောင်း သတင်း ရရှိသည်။

စစ်တွေမြို့တွင် အဖွဲ့အစည်း (၁၀) ခုနီးပါးက စစ်တွေဆန်ပြသနာနေ့ အောက်မေ့ဖွယ် အခမ်းအနားများကို နေရာအသီးသီးတွင် အဖွဲ့အစည်းအလိုက် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

“ စစ်တွေမှာ ကျင်းပပြုလုပ်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေမှာ ကျနော် သိရသလောက်ဆိုရင် ရဟန်းတော်တွေ၊ တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ ကိုယ်ခံပညာအင်အားစု၊ ရခိုင်အမျိုးသမီး ကွန်ရက်၊ ရခိုင်အမျိုးသားပါတီတို့က အသီးသီးကျင်းပခဲ့ကြပါတယ်” ဟု ဆရာ ဦးလှမောင်က ဆိုသည်။

ယခုကဲ့သို့ အခမ်းအနားကို ကျင်းပရခြင်းမှာ သမိုင်းကို မျိုးဆက်သစ်လူငယ်များကို လက်ဆင့် ကမ်းလို၍ ဖြစ်ကြောင်း သူက ဆက်ဆိုသည်။

“ ဆန်ရေ စပါး ပေါကြွယ်ဝတဲ့ ရခိုင်ပြည်မှာ ဆန်ရှားပါးပြီး လူတွေ သေပွဲဝင်ခဲ့ရတယ်။ ဒါတွေကို မျိုးဆက်သစ်လူငယ်တွေကို သိစေချင်တယ်။ အထူးသဖြင့်တော့ သမိုင်းကို သိအောင်၊ မအရအောင် ခုလို မျိုး ကျင်းပပြီး လူငယ်တွေကို လက်ဆင့်ကမ်းတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

(၄၇) နှစ် မြောက် ဆန်ပြသနာနေ့ အောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်အမျိုးသမီး ကွန်ရက်ကလည်း သူတို့၏ ရုံးအဆောက်အဦးတွင် ပြုလုပ်ခဲ့သည်။ စစ်တွေ ဆန်ပြသနာနေ့ အရေးအခင်းတွင် ကိုယ်တိုင် ပါ၀င်ခဲ့သူ အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်မညိုအေးက ထိုနေ့က မြင်ကွင်းကို ယခုလို ပြောသည်။

“ အဲဒီတုန်းက ကျမ အသက်က ၁၃ နှစ်၊ ခုနှစ်တန်းကျောင်းသူ၊ ဆန်စျေးတွေကြီးပြီး လူတွေက  ဆန်ပြုတ် စားရတဲ့ အထိ ရောက်လာတယ်။ အဲဒီနေ့က လူတွေထောင်နဲ့ချီပြီး လမ်းပေါ် ထွက်လာကြတယ်။  ဆန်ရရှိရေးကြွေးကြော်တောင်းဆိုကြတယ်။ ဆန္ဒပြ လူအုပ်ကြီးက ကသည်းရွာဘက်ကိုရောက်လာတယ်။ သေနတ်သံတွေထွက်လာတယ်။ ကျမကိုလည်း လူကြီးတွေက ကျည်ကွယ်တဲ့ နေရာကို ဆွဲခေါ်သွားတယ်။ စစ်ကားကြီးတွေပေါ်က လူအုပ်ထဲကို တည့်တည့်ပစ်တာ။ လူအုပ်ကြီးက လမ်းမပေါ်မှာ ဖရိုဖရဲဘဲ။ မနက်လင်းတော့ လူပေါင်း ၂၇၀- ၂၈၀ သေတယ်ဆိုပြီးသတင်းကြားရတယ်။ ကျမ ဒီမြင်ကွင်းကို ဒီနေ့ထိ မမေ့နိုင်သေးဘူး” ဟု ဆိုသည်။

အလားတူ အခမ်းအနားကို မြောက်ဦးမြို့ မြို့ဦးခေါင်း ကျောင်းတိုက်တွင် ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး လူပေါင်း ၅၀ ကျော်တက်ရောက်ခဲ့သည်။

ယင်းအခမ်းအနားတွင် ကိုယ်တိုင်တွေ့ကြံုခဲ့သူ ဦးမောင်နုက ရှင်းလင်း ပြောကြားခဲ့သည်ဟု သိရသည်။

ညနေပိုင်းတွင် ရခိုင်လူမူကွန်ရက် (မြောက်ဦး) ကဦးဆောင်ပြီး ရှစ်သောင်းဘုရားတွင် ဆီးမီးများ ထွန်းညှိပူဇော်ခဲ့ကြပြီး စစ်တွေ ဆန်ပြသနာနေ့တွင် ကျဆုံးသွားခဲ့ကြသော ရဟန်းရှင်လူ ပြည်သူများအတွက် ဆုတောင်း အမျှပေးဝေမူများ ပြုလုပ်ခဲ့ကြသည်ဟု ကွန်ရက်မှ ဒုဥက္ကဌ ဖြစ်သူက နိ်ရဥ္စရာသို့ ပြောကြားသည်။

စစ်တွေ ဆန်ပြသနာနေ့သည် ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေး ကောင်စီခေတ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းနှစ်က မိုးရာသီအချိန်တွင် ဆန်စပါးရှားပါးပြီး ရခိုင်ပြည်သူများ အငတ်ဘေးကျရောက်သဖြင့် အစိုးရ ဂိုဒေါင်များတွင် သိုလှောင်ထားသော ဆန်စပါးများကို ထုတ်ရောင်းချပေးရန် ထောင်သောင်းချီသော လူအုပ်ကြီးက စစ်တွေမြို့ လမ်းမများပေါ်သို့ ချီတက်ကာ တောင်းဆို ဆန္ဒပြခဲ့ကြသည်။

ချီတက်လာသော လူအုပ်ကြီး စစ်တွေမြို့ နာဇီရပ်ကွက် မြဆန်စက်အနီးသို့ အရောက်တွင် စစ်တပ်က တားဆီးပြီး မြို့တွင်းသို့ ၀င်ခွင့်ကို ပိတ်ပင်ရာမှ လူအုပ်ကြီးနှင့် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မူ ဖြစ်ပွားရာ ဆန္ဒပြပွဲတွင် ပါ၀င်သူ အနည်းဆုံး လူပေါင်း ၂၀၀ ကျော်ခန့် သေဆုံးခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါ၀င်သူများက ပြောသည်။

အစိုးရဘက်မှ သေဆုံးသူ ၁၄ ဦးသာရှိကြောင်း ပြောဆိုပြီး အလောင်းများကို မဏ္ဍပ်ဆောက်ကာ စစ်တွေလူထုအား ပြသခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားမူနှင့် ပတ်သက်ပြီး အရေးယူမူ တစ်စုံတစ်ရာ မရှိသလို လွတ်လပ်စွာ စုံစမ်းဖေါ်ထုတ်ခွင့် မရရှိခဲ့သဖြင့် ဖြစ်ပျက်ပုံနှင့် သေဆုံးသူ အရေအတွက် အတိအကျ စာရင်းကို ကောက်ယူနိုင်ခြင်း မရှိခဲ့ဟု သိရသည်။

Most read this week