ပလက်ဝ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် လောလောဆယ် မဖြစ်နိုင်သေးဟုဆို

ပလက်ဝ နယ်စပ် ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် လောလောဆယ် မဖြစ်နိုင်သေးဟုဆို
by -
နိရဥ္စရာ

Paletawချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အိန္ဒိယနှင့် ကုန်သွယ်မည့် နယ်စပ်ကုန်သွယ်ရေးစခန်းကို လောလောဆယ်တွင် ဖွင့်လှစ်ရန် အစီအစဉ် မရှိသေးကြောင်း ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်း အောင်က ပြောသည်။

“ နေရာ ရာတားထားလောက်တာဘဲ ရှိတယ်။ ခုချိန်ထိ ဘာမှ မလုပ်ရသေးဘူး” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ယခုကဲ့သို့ ကြန့်ကြာနေခြင်းမှာ အိန္ဒိယဘက်က လိုအပ်ချက် အချို့ ရှိနေ၍ ဖြစ်ကြောင်း သူက ဆိုသည်။

“ စတာက အိန္ဒိယက စရမယ်လေ။ အခု အိန္ဒိယက ငွေ ခွင့်ပြုချက်တွေ မပေးနိုင်သေးဘူးလို့ ပြောတယ်။ ဒါကြောင့် ချက်ချင်း မဖြစ်နိုင်သေးဘူး။ သုံးလေးနှစ်တောင်ကြာနိုင်တယ်” ဟု ဆိုသည်။

ယင်းပြင် ပလက်ဝမှ အိန္ဒိယ နယ်စပ်တွင် တည်ရှိသော မြိတ်ဝရွာထိ ဖေါက်လုပ်မည့် မော်တော်ကားလမ်းမှာ လည်း ယခုအချိန်ထိ မဖေါက်ရသေးကြောင်း သိရသည်။ အိန္ဒိယ နယ်စပ်နှင့် ကပ်ရပ်တည်ရှိသော ပလက်ဝမြို့နယ် မြိတ်ဝရွာတွင် အိန္ဒိယနှင့် ဆက်သွယ်မည့် ကုန်သွယ်ရေး စခန်း အမှတ် (၄) ကို ဖွင့်လှစ်ရန် ရာတားထားသည်ဟု သတင်းများတွင် ဖေါ်ပြသည်။

“ ၂၀၁၅ မှာတော့ မဖြစ်နိုင်သေးဘူးထင်တယ်။ အခု ပလက်ဝကနေ နယ်စပ်ထိ လမ်းကလည်း မဖေါက်ရသေး ဘူး။ ချက်ချင်းတော့ မဖြစ်နိုင်သေးပါ” ဟု သူက ထပ်လောင်းပြောဆိုသည်။

အိန္ဒိယ အရှေ့မြောက် ပြည်နယ်များသို့ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို အသုံးပြုပြီး ကုလားတန် မြစ်ကြောင်း အတိုင်း ကုန်စည်များတင်ပို့မည့် လုပ်ငန်းကိုလည်း ၂၀၁၅ ခုနှစ်တွင် စတင်ရန်  အလားအလာ မရှိသေးဟု  သူက ပြောဆိုသည်။

အဘယ်အတွက်ကြောင်းဆိုသော် ကုန်တွင်းပိုင်းဆက်သွယ်မည့် မော်တော်ကားလမ်းမှာ ၂၀၁၄ ခုနှစ် နှစ်ဝက်ကျိုးသွားပြီး ဖြစ်သော်လည်း  ဖေါက်လုပ်ရေး လုပ်ငန်း မစတင်နိုင်သေးဖြစ်ကြောင်း သိရသည်။

Most read this week