ကျောက်တော်တွင် ပုဒ်မ (၁၄၄) ညမထွက်ရအမိ်န့်ရုတ်သိမ်း

ကျောက်တော်တွင် ပုဒ်မ (၁၄၄) ညမထွက်ရအမိ်န့်ရုတ်သိမ်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ထားသော ပုဒ်မ (၁၄၄) ညမထွက်ရ အမိန့်ကို ယခုလ ရ ရက်နေ့ကစပြီး ရုတ်သိမ်းလိုက်ပြီဟု သိရသည်။

“ ဒီလ ရ ရက်နေ့ကနေပြီးတော့ ညမထွက်ရအမိန့်ကို ရုတ်သိမ်းလိုက်ပါပြီ။ ရခိုင်ပြည်နယ် အစိုးရရဲ့ခွင့်ပြု ချက်နဲ့ ရုတ်သိမ်းလိုက်တာပါ” ဟု ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

မြို့နယ် အဆင့်တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ စုဝေးတိုင်ပင်ပြီး ညမထွက်ရ အမိန့်ကို ရုတ်သိမ်းရန်လိုကြောင်း ဆုံးဖြတ်ချက်ချပြီးနောက် ပြည်နယ်အစိုးရသို့ တင်ပြရာ ပြည်နယ်အစိုးရ ကလည်း ခွင့်ပြုသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူးက ညမထွက်ရ အမိန့်ကို သြဂုတ်စ် ရ ရက်နေ့မှ စ၍ ရုတ်သိမ်း လိုက်သည်ဟု သူကဆိုသည်။

“ နောက်နောင် ပြသနာတွေ မပေါ်ပေါက်ရအောင် နှစ်ဘက် လူမူ အသိုင်းအဝိုင်းတွေကိုလည်း ချပြရှင်းလင်းတာ တွေ ရှိပါတယ်။ အခု အခြေအနေလည်း အရင်နဲ့စာရင် တိုးတက်ကောင်းမွန်လာခဲ့ပြီ ဖြစ်ပါတယ််။ ပြသနာတွေ မပေါ်ပေါက်ရအောင်လည်း မြို့မိမြို့ဖတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ၀ိုင်းဝန်း ထိန်းသိမ်းပေးသွားကြမှာ ဖြစ်ပါတယ်” ဟု ဦးစောငြိမ်းက ပြောသည်။

ကျောက်တော်မြို့တွင် ညမထွက်ရ အမိန့် (၁၄၄) ထုတ်ထားသဖြင့် စီးပွားရေး အထူးထိခိုက်ခဲ့ပြီး ဒေသခံပြည် သူများ၏ စားဝတ်နေရေးကို မပြေလည်မူများ ပေါ်ပေါက်စေခဲ့သည်ဟု ဆိုသည်။

ဒေသခံ လူငယ်တစ်ဦးကလည်း ညမထွက်ရအမိ်န့်ကို ရုတ်သိမ်းလိုက်သဖြင့် လွှတ်လပ်စွာသွားလာ၍ ရသွားပြီ ဖြစ်ကြောင်း၊ နယ်မှ မော်တော်ဘုတ်များ၊ စက်လှေများ၊ လေသဗ္ဗာန်များ အချိန်မရွှေးဝင်ထွက်သွားလာလို့ ရသဖြင့် ဒေသခံများ၏ စီးပွားရေး ပြန်လည် အဆင်ပြေတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကမူ သူအနေဖြင့်ကျောက် တော် တွင် ညမထွက်ရ အမိန့်ရုတ်သိမ်းလိုက်သည်မှာ ယာယီလား၊ အမြဲတန်းလားဆိုသည်ကို တိတိကျကျ မသိရှိရသေးကြောင်း ပြောကြားသည်။

ညမထွက်ရ အမိန့်ကြောင့် စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်နေသဖြင့်  တခြားမြို့များတွင်လည်း အလားတူ ညမထွက်ရ အမိ်န့်ကို ရုတ်သိမ်းရန် အစီအစဉ် ရှိပါသလားဟု မေးမြန်းရာ သူက ယခုလို တုန့်ပြန် ပြောကြားသည်။

“ ညမထွက်ရ အမိ်န့်ကိုတော့ လုံးဝ မရုတ်သိမ်းပေမယ့် မြို့တော်တော်များများမှာ အချိန်ကို လျှော့ချပေးနေ ပါတယ်။ လုံခြံုရေးအဆင့် တိုးတက်လာတဲ့ မြို့တွေမှာ အချိန်ကို တဖြည်းဖြည်းချင်း လျော့့ချပေးနေပါတယ်။ စစ်တွေမှာလည်း ညမထွက်ရ အမိန့်ရှိနေတုန်း ဖြစ်ပေမယ့် လွတ်လပ်စွာ သွားလာနေကြတာတွေကိုတွေ့ကြရ မှာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် သံတွဲ၊ ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ညမထွက်ရ အမိ်န့်ကို ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ပြီး ထုတ်ပြန်ထားခဲ့ရာ ယခုအချိန် မရုတ်သိမ်းသေးဘဲ ဆက်လက် တည်တံနေဆဲ ဖြစ်ကြောင်း သိရသည်။

Most read this week