အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ မဲဆောက်တွင် တွေ့ဆုံ

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် NCCT တို့ မဲဆောက်တွင် တွေ့ဆုံ
by -
ကေအဲန်ဂျီ

ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UWPC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ ပြန်လည်တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်သော ဆွေးနွေးမှုကို သြဂုတ်လ ၉ ရက်နေ့မှစပြီး ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ကျင်းပခဲ့ကြသည်။

“ကျနော်တို့ လိုင်ဇာစည်းဝေးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို မူတည်ပြီးတော့ ဒုတိယမူကြမ်းမှာ ပြင်ဆင်ဖြည့်စွက်မယ်။ တကြိမ်ထဲမှာဘဲ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျနော်တို့ကို အကြောင်း ကြားထားတဲ့အချက်တွေ ရှိတယ်။ ဦးအောင်မင်းတို့ မြစ်ကြီးနားမှာလာပြီး ကျနော်တို့ကိုတချို့အချက်တွေ ပြန်ပေးထားတာ ရှိတယ်။ ဒီခေါင်းစဉ် ၃ ခုအပေါ်မှာ ဆွေးနွေးပြီးတော့ ဒုတိယမူကြမ်းမှာ ဖြည့်စွက်မှုလုပ်မယ်” ဟု NCCT ၏ ဒုတိယ ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

NCCT-mae-sot-meeting

လာမည့် သြဂုတ်လ ၁၂ ရက်နေ့ထိ လေးရက်ကြာ ကျင်းပမည့် NCCT ၏ အစည်းအဝေးတွင် ဇူလိုင်လ ၂၅ -၂၉ ရက်နေ့ထိ ကျင်းပသောလိုင်ဇာထိပ်သီးအစည်းအဝေးမှ တိုင်းရင်းသား ခေါင်းဆောင်များ၏ အကြံပြုချက်များ အပေါ်မူတည်၍ Single Text  ဒုတိယမူကြမ်းတွင် ပြင်ဆင်ဖြည့်စွက်ရန်၊ ဇူလိုင်လ ၁၃ ရက်နေ့က MPC က ပေးသော ဒုတိယမူကြမ်းအပေါ်သုံးသပ်ချက်နှင့် သြဂုတ်လ ၃ ရက်နေ့ အစိုးရဘက်မှ တင်ပြချက်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဝန်ကြီး ဦးအောင်မင်းဘက်မှ တင်ပြသော အချက် ၅ ချက်ခန့်မှ စာတမ်းပါ တချို့အချက်များသည်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ လိုလားသော အချက်များနှင့် ကွဲလွဲမှုတွင် ရှိနေသဖြင့် ပြန်လည် ညှိနှိုင်းရန် လိုအပ်နေသည်ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

“မူအရ ဖက်ဒရယ်စနစ်ကို အတိအကျထည့်ချင်တယ်။ အစိုးရက ဖက်ဒရယ်ကို အတိအကျ မထည့်ချင်ဘူး။ ဒီမိုကရေစီကိုဘဲ ဖော်ပြချင်တယ်။ နောက်တခုက တိုင်းရင်းသားများ အားလုံးက တန်းတူရည်တူ အခွင့်အရေး ရှိတယ်။ ဒါကြောင့် နိုင်ငံရေးပူးတွဲဦးဆောင်ကော်မတီ ဖွဲ့စည်းရေးကို အဆိုတင်သွင်းတယ်။ အစိုးရဘက်က နိုင်ငံရေး ဦးဆောင် ကော်မတီ ဦးဆောင်ဖွဲ့စည်းရေးကို အစိုးရက အတိအကျသဘောတူကြောင်း မပြဘဲ တန်းတူရည်တူ အခွင့်အရေး ရှိတယ်ဆိုတဲ့ စာသားကိုပါ ဒီကိစ္စက ဆက်လက် ဆွေးနွေးရမယ်။ ဒီနှစ်ချက် မူပိုင်းအရ ကွဲလွဲတယ်” ဟု ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

ထိုသို့ သဘောတူညီမှု ကွဲလွဲချက်များ ရှိလာသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုမှု ပျက်ပယ်မှု မရှိစေရန် ခံယူချက်တခု စွဲကိုင်သွားရန် NCCT ၏ ယနေ့ ပထမနေ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟု ဗိုလ်ချုပ် ဂွန်မော်က ဆက်လက် ပြောသည်။

“ကျနော်တို့ ခံယူချက်တခုစွဲကိုင်ဖို့ ဆုံးဖြတ်ခဲ့တာတခုက ဒီတခါ ကျနော်တို့ ချုပ်ဆိုမဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ဆိုတာက ပျက်ပယ်သွားတဲ့စာချုပ်မျိုးမဟုတ်ဘဲနဲ့ အပြီးအထိ အကောင်အထည်ဖော်နိုင်တဲ့ စာချုပ် မျိုးဖြစ်အောင် နှစ်ဖက်စလုံး ခံယူသင့်ဆိုတယ်ဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံသင့်တယ်ဆုံးဖြတ် ပါတယ်” ဟု သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

Single Text ဒုတိယမူ ကြမ်းအပေါ် ပြန်လည် ဆွေးနွေးရန် ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံကြရန် လာမည့် သြဂုတ်လ ၁၅ မှ ၁၆ ရက်များတွင် တွေ့ဆုံရန် NCCT က သတ်မှတ်ထားသော်လည်း မနက်ဖြန် သြဂုတ်လ ၁၀ ရက်နေ့တွင် ပြန်လည် အတည်ပြုမည် ဖြစ်ကြောင်း သူက ဆိုသည်။

အစိုးရဘက်မှ ပြန်လည် တင်ပြသော အချက်များသည် ပြန်လည် ညှိနှိုင်းရန် လိုအပ်နေပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဦးစီးကြပ်မတ်ရန် ပူးတွဲဦးဆောင်ကော်မတီ ဖွဲ့စည်းရေးနှင့် ပတ်သက်၍လည်း ဆက်လက် ညှိနှိုင်းရန် လိုအပ်နေသည်ဟု NCCT ၏ ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းကပြောသည်။

“ဖက်ဒရယ်ဆိုတာက ဆက်ညှိရအုန်းမယ်။ အပစ်အခတ် ရပ်စဲရေး လုပ်နေတဲ့နောက်ပိုင်း နိုင်ငံရေးတွေ့ဆုံဆွေး နွေးမှု လုပ်နေတဲ့ကာလ၊ နိုင်ငံရေးအရသဘောတူညီမှု မရှိသေးတဲ့အချိန် ကြားကာလမှာ တိုင်းရင်းသားတွေ ရပ်တည်မှုတွေက လိုအပ်တဲ့ အစီအစဉ်တွေ မတူညီဘူး” ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ -၂၉ ရက်နေ့ထိ ကျင်းပခဲ့သော လိုင်ဇာ ထိပ်သီးအစည်းအဝေးတွင် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကိုအာမခံသော ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး တည်ဆောက်ရန် အပါအဝင် အချက် ၁၀ ချက် ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

Most read this week