စစ်တွေဒါးပိုင်ဒုက္ခသည်စခန်းတွင် လူတစ်ဦးသေဆုံးခဲ့ရသောဆူပူမူ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် တိုက်ဆိုင်နေ

စစ်တွေဒါးပိုင်ဒုက္ခသည်စခန်းတွင် လူတစ်ဦးသေဆုံးခဲ့ရသောဆူပူမူ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် တိုက်ဆိုင်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည်စခန်းတွင် သြဂုတ်စ်လ (၆) ရက်နေ့က လူတစ်ဦး သေဆုံးရသည့် အထိ ဖြစ်ပွားခဲ့သော ဆူပူမူသည် နေပြည်တော်တွင် သြဂုတ်စ်လ (၈) ရက်နေ့တွင် စတင်ကျင်းပမည့် (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးနှင့် အာရှ၏ အဓိက လုံခြံုရေးဆိုင်ရာဆွေးနွေးပွဲ ( Asean Regional Forum) နှင့် တိုက်ဆိုင်နေသည်။

သို့အတွက် ယခု ယင်းဆူပူမူသည် အကွက်ချချ စီစဉ်ပြီး အချိန်ကိုက် လုပ်ဆောင်မူဟုတ်/ မဟုတ်ကို သက်ဆိုင်ရာမှ အမြန်ဆုံး စုံစမ်းစစ်ဆေး ဖေါ်ထုတ်မူများ ပြုလုပ်ရန် လိုအပ်ကြောင်း စစ်တွေမြို့နယ် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

SittweMuslimRiots-MuslimsConfrontPolice

“ မြန်မာနိုင်ငံကို ကုလသမဂ္ဂကဖြစ်စေ၊ နိုင်ငံတစ်ခုခုက အကြီးအကဲတွေ လာရောက်လည်ပတ်တဲ့ အခါအတိုင်း ဖြစ်စေ သူတို့က ခုလို ပြသနာတွေကို ဖန်တီးခဲ့တာတွေရှိတယ်။ အခုလည်း နေပြည်တော်မှာ (၄၇) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေးရှိနေတဲ့့ အချိန်မှာ ဒါးပိုင် ဒုက္ခသည် စခန်းမှာ ဆူပူမူဖြစ်တယ်။ ဒီအပေါ်မှာ တမင်အကွက်ချ စီစဉ်တာလားဆိုတာကို ကျနော်တို့ သံသယ ဖြစ်နေတဲ့ အပိုင်းတွေရှိတယ်။ ဒါကို သက်ဆိုင်ရာ စုံစမ်းဖေါ်ထုတ် အရေးယူဆောင်ရွက်ဖို့လိုတယ်” ဟု သူက ဆိုသည်။

ယခင်ကလည်း အလားတူ ဆူပူမူများ တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့မူများ ရှိခဲ့သော်လည်း သက်ဆိုင်ရာက တစ်စုံတစ်ရာ ဖေါ်ထုတ်အရေးယူခြင်း မရှိခဲ့သဖြင့် စိတ်ပျက်မိကြောင်း ဦးအောင်မြကျော်က ပြောဆိုသည်။

သြဂုတ်စ်လ (၆) ရက်နေ့က စစ်တွေမြို့နယ် ဒါးပိုင် ဘင်္ဂလီ ဒုက္ခသည် စခန်းတွင် ဆူူပူမူ ဖြစ်ပွားခဲ့သဖြင့် ရဲက သေနတ်ဖြင့် ပစ်ခတ်ရာ ဘင်္ဂလီ ဒုက္ခသည် သေဆုံးခဲ့ရသည်။

အဆိုပါနေ့ ညနေ ရ နာရီခွဲခန့်တွင် ဒါးပိုင် ဘင်္ဂလီရွာမှ လူငယ် နှစ်ဦးသည် ဒါးပိုင် ဒုက္ခသည် စခန်းသို့ စျေးဝယ်ရန် သွားရောက်စဉ် ဒါးပိုင် ဒုက္ခသည်စခန်းမှ ဘင်္ဂလီ များမှ သူခိုးဟု စွပ်စွဲကာ ကြိုးများဖြင့် တုတ်နှောင်ပြီး ဖမ်းဆီးရိုက်နှက်မူများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ လူငယ်နှစ်ဦးကို ဖမ်းဆီးရိုက်နေသဖြင့် မိဘဖြစ်သူများက မှန်စီသားရေစက်ရုံတွင် လုံခြံုရေးယူထားသော အမှတ် (၃၆) ရဲတပ်ဖွဲ့သို့ သို့လာရောက် တိုင်းတန်း အကြောင်းကြားခဲ့ကြောင်း၊ သို့အတွက် ရဲတပ်ဖွဲ့က လိုက်ပါသွားရာ ရဲကို တိုင်ကြားရမည်လားဟုဆိုကာ အဆိုပါ ဖမ်းဆီးထားသူ ဘင်္ဂလီ လူငယ် (၂) ဦးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြီး ဓါးကိုင်ထားသော လူတစ်စုက ဒုက္ခသည်စခန်း အနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက အော်ဟစ်တားဆီးသော်လည်း လိုက်နာမူ မရှိသည့် အပြင် လေးခွ၊ ဂျင်ကလိများဖြင့် ပစ်ခတ်ကြသည့်အတွက် သေနတ် (၅) ချက် မိုးပေါ်ထောင်ပစ်ခဲ့ရသည်ဟု စတင် ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး ရဲတာဝန်ရှိသူ  တစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။

သေနတ် ပစ်ဖေါက်မူကြောင့် ဒုက္ခသည်စခန်းမှ လူအုပ်မှာပြိုကွဲသွားခဲ့သော်လည်း ညဉ့်အမှောင်ကိုယူကာ အဆောက်အအုံများ၊ သစ်ပင်များကို အကာအကွယ်ယူလျှက် လေးခွ၊ ဂျင်ဂလိများဖြင့် ထပ်မံပစ်ခတ်ပြီး လူအုပ်ကြီးက ၀ိုင်းအုံလာသဖြင့် အဓိဂရုဏ်းဖြိုခွင်းရေးလက်နက်များဖြင့် တစ်ချက်ချင်း ပစ်ခတ် ဖြိုခွင်း သော်လည်း နောက်မဆုတ်ဘဲ ဆက်လက် ၀ိုင်းအုံလာသဖြင့် သေနတ်ဖြင့် လေးချက် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်းတွင် လူအုပ်ပြိုကွဲသွားသဖြင့် ဖမ်းဆီးခံထားရသူ လူငယ်နှစ်ဦးအား ကယ်တင်နိုင်ခဲ့ပြီး ယင်းလူငယ် နှစ်ဦးအား သတ်ဖြတ်ရန် စီစဉ်သူများထဲမှ (၃) ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူ တစ်ဦးမှ နောက်ကွယ်မှ ၀ှက်ယူလာသော ဓါးဖြင့် ရဲတပ်ဖွဲ့ တစ်ဦးအား လိုက်ခုတ်ရာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း၊ သို့အတွက်  ချောင်ရှုးအာလောင် (၃၀) နှစ် ဆိုသူမှာ ဦးခေါင်းတွင် ကျည်ဆံထိမှန် သေဆုံးသွားကြောင်း သူက ပြောကြားသည်။

“ သူတို့အချင်းချင်း ဖြစ်ကြတာ။ ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ ထိန်းသိမ်းဖိုု့သွားတာ။ ဒါကို သူတို့က လူအုပ်စုဖွဲ့ပြီး တိုုက်ခိုက်ဖို့ ကြိုးစားတဲ့ အတွွက် ခုလို အဆင့်ထိ ဖြစ်သွားရတာပါ” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။

၎င်းသေဆုံးသွားသူ ချောင်ရှုးအာလောင် အလောင်းအား ယမန်နေ့ ကြာသပတေးနေ့ နံနက်က ဘာရေးဆရာ များနှင့် အရပ်လူကြီးလက်သို့  လွှဲပြောင်း ပေးအပ်လိုက်ပြီး မန်ဇီ မူဆလင် သချိုင်းတွင် သဂြိုလ်ခဲ့သည်ဟု သိရသည်။

ယနေ့ သြဂုတ်လ (၈) ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးနှင့် အာရှလုံခြံုရေးဆိုင်ရာ ဆွေးနွေးပွဲ အဖြစ် လူသိများသော ( Asean Regional Forum) တို့ကို စတင် ကျင်းပမည်ဖြစ်သည်။

ယင်းအစည်းအဝေးသို့ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများသာမက အမေရိကန်၊ ရုရှား၊ ဂျပန် တရုတ်စသည့် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲကို သြဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့ အထိပြုလုပ်မည် ဖြစ်သည်။

Most read this week