ဘူးသီးတောင်မြို့နယ်တွင် ခမီးအမျိုးသမီးငယ်တစ်ဦး မုဒိန်းပြုကျင့်ခံရ

ဘူးသီးတောင်မြို့နယ်တွင် ခမီးအမျိုးသမီးငယ်တစ်ဦး မုဒိန်းပြုကျင့်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ လိပ်ရကျေးရွာအနီးတွင် လွန်ခဲ့သော သြဂုတ်လ (၁) ရက်နေ့က အသက်(၁၈)နှစ်အရွယ် ရွာကျောင်းဆရာမ အဖြစ် လုပ်ကိုင်နေသူ  ခမီးအမျိုးသမီးတစ်ဦး မုဒိန်း ပြုကျင့်ခံခဲ့ရကြောင်း ဘူးသီးတောင် ဒေသခံများနှင့် အမည်မဖေါ်လိုသူ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ မ *** (၁၈ နှစ်)  (ဘ- ဦးကျော်နိုင်) ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးငယ်မှာ ဘူးသီးတောင်မြို့နယ် ဆဟုန်းခမီးရွာတွင် နေထိုင်သူဖြစ်ပြီး ရွာနှင့် တစ်မိုင်ခန့် ကွာဝေးသည့် လိပ်ရကျေးရွာသို့ လာရောက်၍ စာပြပေးနေသူဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

သူမသည် အဆိုပါနေ့က လိပ်ရရွာမှ ဆဟုန်းခမီးရွာသို့ ပြန်လာစဉ် ၀ါးထမ်းလာသူ တစ်ဦးက လမ်းတွင် အဓမ္မပြုကျင့်ခဲ့ကြောင်း ယင်းရဲအရာရှိမှ နိရဥ္စရာသို့  အတည်ပြု ပြောကြားသည်။

“ ဖြစ်ရပ်က မှန်ပါတယ်။ ကောင်မလေးနေတဲ့ ဆဟုန်းရွာနဲ့ လိပ်ရရွာကြားမှာ ရှိတဲ့ တောလမ်းတစ်နေရာမှာ ခုလို မဖွယ်မရာ လုပ်ခံလိုက်ရပါတယ် ”ဟု ဆိုသည်။

ယခုအခါ အဆိုပါ အမှုနှင့် ပတ်သက်သည့် တရားခံ အဖြစ်စွပ်စွဲခံထားရသူ ဆဟုန်းဘင်္ဂလီရွာမှ အဘူတယော (၃၀)နှစ် (ဘ- ဦးဇာဘွား) အား အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေကြောင်း ယင်းရဲအရာရှိက ဆိုသည်။

ယခုဖြစ်ရပ်အား ဥပဒေကြောင်းရ ထိရောက်အောင် အရေးယူသင့်ကြောင်း ဘူးသီးတောင် ဒေသခံ တစ်ဦးဖြစ်သူ ဦးထွန်းလှိုင်က ပြောသည်။

“ ခုကတော့ အခင်းဖြစ်တဲ့နေရာကို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ အုပ်ချုပ်ရေးမှူးတို့ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးခဲ့ပြီး ပါပြီ။ ဒီလိုမျိုးကိစ္စတွေကို ဥပဒေကြောင်းအရဘဲ ဖြေရှင်းသင့်ပါတယ်” ဟု ပြောသည်။

ဘူးသီးတောင် မြို့နယ် ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးထွန်းအောင်သိန်းကမူ ဒေသခံ တိုင်းရင်းသားများကို အစိုးရ အနေဖြင့် ဥပဒေအရ အကာအကွယ်ပေးရန် တာဝန်ရှိကြောင်း ပြောဆိုသည်။

“ ကျွန်တော်တို့ ဒီမှာ ရှိတဲ့ မြို၊ ခမီး၊ ဒိုင်းနက်၊ ရခိုင်တွေဟာ ဒေသခံတိုင်းရင်းသားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကို အစိုးရက အကာအကွယ်ပေးရမယ်။ ခုလို အစော်ကားခံရတဲ့ကိစ္စတွေကို အစိုးရ အနေနဲ့ ဥပဒေအရ အချိန်မီ ကိုင်တွယ်ဖြေရှင်းပေးရမယ် ”  ဟု ပြောဆိုသည်။

Most read this week