ရခိုင်တွင် မူလတန်း ကျောင်းဆရာ/ဆရာမ ၄၀၀၀ ကျော်ခန့်အပ်

ရခိုင်တွင် မူလတန်း ကျောင်းဆရာ/ဆရာမ ၄၀၀၀ ကျော်ခန့်အပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အခြေခံပညာ မူလတန်းကျောင်းများအတွက် နေ့စားလပေး ဆွဲခန့် ကျောင်းဆရာ/ဆရာမ (၄၀၆၈) ဦးကို သြဂုတ်စ်လ ၅ရက်နေ့တွင် စာထုတ်ပြီး ခန့်အပ်လိုက်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းက နိရဥ္စရာသို့ ပြောသည်။

“ အဓိက မူလတန်းကျောင်းတစ်ကျောင်းမှာ ဆရာ/ ဆရာမ အနည်းဆုံး ၅ ဦး ရှိရမယ်ဆိုတဲ့ မူရှိတယ်။ ဒီမူအရ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ နေ့စားလပေး ဆရာ/ ဆရာမ ၄၀၆၈ ဦးကို သြဂုတ်လ (၁) ရက်နေ့စွဲနဲ့ ဒီကနေ့မှာ စာထုတ် ခန့်အပ်လိုက်ပါတယ်။ စာကို ဒီကနေ့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်” ဟု ဦးလှစိန်ထွန်းက ဆိုသည်။

DSCN2599

ယခု ဆရာ/ ဆရာမများမှာ နေ့စား လပေး စနစ်ဖြင့် ခန့်အပ်ခံရသော်လည်း လာမည့်နွေရာသီတွင် ဆရာအဖြစ်သင်တန်းသို့ တက်ရောက်ကြရမည် ဖြစ်ပြီး နောင်နှစ် ဇွန်လမှ စတင်ပြီး အမြဲတန်း ဆရာ/ ဆရာမ အဖြစ် ခန့်အပ်ခံကြရမည်ဖြစ်သည်။

“ ခုလို ဆရာ/ဆရာမ ၄၀၀၀ ကျော်ခန့်အပ်လိုက်တဲ့ အတွက် ရခိုင်ပြည်နယ် အတွင်း မူလတန်းကျောင်းတွေမှာ အခက်အခဲဖြစ်နေတဲ့ ဆရာ/ ဆရာမ မလုံလောက်မူ ပြသနာကို ကျော်လွှားနိုင်လိမ့်မယ် ယုံကြည်ထားပါတယ်” ဟု သူက ဆိုသည်။

ယင်းပြင် ညွှန်ကြားရေးမှူး ဦးလှစိန်ထွန်းမှ “ ခုလို ခန့်အပ်လိုက်တဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပညာရေး တိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ရခိုင်ပြည်နယ် ပညာရေးမှာ အဓိက စိန်ခေါ်မူကြီးက ဆရာ/ဆရာမ မပြည့်စုံမူ ဖြစ်တဲ့ အတွက် ဒီလို ဖြည့်ဆည်းလိုက်တဲ့ အတွက် တိုးတက် ကောင်းမွန် လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် အထက်တန်းကျောင်း အချို့နှင့် အထက်တန်းကျောင်းခွဲအချို့တွင် သိပ္ပံဘာသာတွဲ သင်ကြားနိုင်သော ဆရာ ဆရာမများ မရှိသဖြင့် ကျောင်းသားများစာသင်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု ဒေသခံများက နိရဥ္စရာသို့ သတင်းပေးပို့ထားကြသည်။

ယင်းပြသနာအားလည်း များမကြာမီက ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ဦးလှစိန်ထွန်းက ပြောဆိုသည်။

Most read this week