ဗိုလ်ချုပ်ဟောင်းတစ်ဦးဇနီးနှင့် ရေတပ်ကသိမ်းထားသောမြေများပြန်ရရေး သံတွဲဂျိတ်တောတွင် ဆန္ဒဖေါ်ထုတ်

ဗိုလ်ချုပ်ဟောင်းတစ်ဦးဇနီးနှင့် ရေတပ်ကသိမ်းထားသောမြေများပြန်ရရေး သံတွဲဂျိတ်တောတွင် ဆန္ဒဖေါ်ထုတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် အပိုင် ငပလီမြို့ ဂျိတ်တောတွင် ဒေသခံ ပြည်သူ (၅၀) ကျော်သည် သူတို့ထံမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးဇနီး အပါအဝင် ရေတပ်နှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ သိမ်းထားသော လယ်မြေများကို ပြန်ပေးရန် ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသည်။

ဆန္ဒဖေါ်ထုတ်သူများသည် ဇူလိုင်လ ၅ရက်နေ့ နံနက် ၁၂ နာရီခန့်က ဂျိတ်တောကျေးရွာမှ မြပြင်ရွာထိ ချီတက်ကာ ဆန္ဒဖေါ်ထုတ်ခဲ့သည်။

THANDWE-GATAW

ဆန္ဒပြသူများသည် “ နတ်မော်တောင်အတွင်းရှိ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ ဇနီးဒေါ်မာလာတင့် သိမ်းထားသော တောင်မြေဧက (၈.၈၉) ဧကအား ပြန်ပေးရေး- ဒို့အရေး။ ရေတပ်ပင်မ ရေငုပ်နှင့် ဆက်သွယ်ရေးတပ်မှ သိမ်းဆည်းထားသော ဥယာဉ်ခြံ/ လယ်မြေဧက (၉၆.၆၄) ဧကကို ပြန်ပေးရေး- ဒို့အရေးနှင့် ငါးလုပ်ငန်း ဦးစီးဌာနမှ သိမ်းထားသော လယ်မြေများပြန်ပေးရေး-ဒို့အရေး” ဟု ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်ဟု ဦးဆောင်လူပ်ရှားသူ တစ်ဦးဖြစ်သည့် ဂျိတ်တောရွာမှ ကိုကျော်ဇော (ခေါ်) ကိုမောင်ညိုက ပြောသည်။

“ ဗိုလ်ချုပ်ဟောင်း ခင်မောင်သန်းက သူ့ဇနီး ဒေါ်မာလာတင့် နာမည်နဲ့ ၂၀၀၇ ခုကတည်းက နတ်မော်တောင်မှာ ဟိုတယ် ဆောက်မယ်ဆိုပြီး သိမ်းတာပါ။ တောင်မြေဧက စုစုပေါင်း ၈. ၈၉ ဧက ရှိပါတယ်။ အခုအချိန်ထိဘာမှ အဲဒီမြေပေါ်မှာ ဘာမှအကောင်အထည်ဖေါ်တာ မရှိသေးဘူး။ ဒီမြေတွေကို ကျွန်တော်တို့ကို ပြန်ပေးဖို့ ဆန္ဒဖေါ်ထုတ် တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရေတပ်ပင်မ ရေငုပ်နှင့် ဆက်သွယ်ရေးတပ်မှလည်း ၎င်းဒေသတွင် ဥယာဉ်ခြံ/ လယ်မြေဧက ၁၀၀၀ နီးပါးကို စစ်အစိုးရ လက်ထက်ကတည်းက သိမ်းထားပြီး ယင်းအထဲမှ (၉၆.၆၄) ဧကကို မြေဖေါ်ထုတ်နေကြောင်း၊ ယင်း မြေများထဲမှ ဧက ၂၀ အသုံပြုထားသည်က်ိုတွေ့ရကြောင်း၊ နောက်ထပ် ၁၀ ဧကကိုလည်း အသုံးပြုရန် တင်ထားကြောင်း၊  ယင်းပြင် ငါးလုပ်ငန်း ဦးစီးဌာနမှလည်း ၆ ဒသမ ၅၃ ဧကကို သိမ်းထားကြောင်း၊ အစပိုင်းတွင် စီမံကိန်းကို အကောင်အထည်ဖေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပျက်စီးသွားခဲ့ကြောင်း၊ သို့သော်လည်း မူလပိုင်ရှင်များမှာ လုပ်ကိုင်စားသောက်ခွင့်မရဘဲ ဖြစ်နေကြောင်းနှင့် ယင်းမြေများမှာ သံတွဲမြို့နယ် ဂျိတ်တောနှင့် ကျောက်ကလပ်ကျေးများအနီးတွင် တည်ရှိကြောင်း သူက ပြောကြားသည်။

ဆန္ဒဖေါ်ထုတ်သူ ဒေသခံများသည် ၎င်းလယ်မြေများကို ပြန်ရရေး အတွက် နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အကြိမ်ကြိမ်စာရေး တောင်းဆိုသော်လည်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိသဖြင့် ယခုလို ဆန္ဒဖေါ်ထုတ်ရခြင်း ဖြစ်သည်ဟု ကိုကျော်ဇောက ဆိုသည်။

ယနေ့ ဆန္ဒပြပွဲအား သံတွဲမြို့ပေါ်တွင် ပြုလုပ်ခွင့် တောင်းခံသော်လည်း မရရှိသဖြင့် ဂျိတ်တောနှင့် မြပြင်ရွာတွင် သက်ဆိုင်ရာမှ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့သည်ဟု သိရသည်။

Most read this week