အဏ္ဍဝါမင်း (၉) ငါးဖမ်းသင်္ဘော ရခိုင်ပင်လယ်ပြင်တွင်နစ်မြုပ်၍ လူ ၁၇ ဦးပျောက်ဆုံးနေ

အဏ္ဍဝါမင်း (၉) ငါးဖမ်းသင်္ဘော ရခိုင်ပင်လယ်ပြင်တွင်နစ်မြုပ်၍ လူ ၁၇ ဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ

ကျောက်ဖြူနှင့် ရမ်းဗြဲအကြား ပင်လယ်ပြင်တွင် အဏ္ဍာဝါမင်း (၉) ငါးဖမ်းသင်္ဘောနစ်မြုပ်သွားသဖြင့် လူ (၆) ဦးကို ကယ်တင်နိုင်ပြီး ကျန် (၁၇) ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။

ယင်းသင်္ဘောသည် သြဂုတ်လ (၂) ရက်နေ့ နေ့လည်တွင် ကျောက်ဖြူအနီးရှိ မင်းပြင် အပြင်ဘက် ပင်လယ်ပြင်တွင် နစ်မြုပ်သွားခဲ့သည်ဟု တစ်ခြားငါးဖမ်း သင်္ဘောတစ်စီးဖြစ်သော (၄၁၉) မှ  တာဝန်ရှိသူ တစ်ဦးက နိရဥ္စရာသို့ ပြောကြားသည်။

“ သင်္ဘောနစ်တာက သြဂုတ်လ ၂ ရက်နေ့ နေ့လည်မှာ နစ်တယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ ပါလာတာ သင်္ဘောသား ၂၂ ဦးလို့ သူတို့က ပြောပါတယ်။ ကျွန်တော်တို့ ကယ်တင်နိုင်တာက (၆) ဦးပါခင်ဗျား။ ကျန်တဲ့ လူတွေရဲ့ ကံကြမ္မာကိုတော့ ကျွန်တော်တို့ မသိရသေးဘူး” ဟု ပြောသည်။

ပင်လယ်ပြင်တွင် ခုတ်မောင်းနေသော ( ၄၁၉) ငါးဖမ်း သင်္ဘောမှ ရေထဲမှ သင်္ဘောသား (၆) ဦးအား ကယ်ဆယ်နိုင်ခဲ့သည်ဟု သူက ဆက်ပြောပြီး ကျန်လူများကိုမူ ယခုအချိန်ထိ မတွေ့ရှိသေးဟု ဆိုသည်။

ကျောက်ဖြူ ငါးလုပ်ငန်း ဦးစီးဌာနကမူ သင်္ဘောပေါ်တွင် ငါးဖမ်းလုပ်သားများ အပါအဝင် လူပေါင်း (၂၅) ဦးလိုက်ပါသွားသည်ဟု ပြောသည်။

“ ကျွန်တော်တို့ ကယ်တင်နိုင်တဲ့ သင်္ဘောသားတွေ ပြောပြတာကတော့ သင်္ဘောပေါ်မှာ လူပေါင်း ၂၂ ဦး ပါလာတယ်လို့ ပြောတယ်။ ပဲ့နင်းလည်း ပျောက်နေတယ်လို့ ပြောတယ်” ဟု ဆိုသည်။

အဏ္ဍဝါမင်း (၉) သင်္ဘောမှာ ပင်လယ်ထဲတွင် ငါးဖမ်း ပိုက်ဆွဲနေရင်း နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။ အသက်မသေဘဲ လွှတ်မြောက်လာသူများအား ယခုအခါ ကျောက်ဖြူသို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။

Most read this week