ရှားပါးဓါတ်ပုံများပါ၀င်သော ‘အသျှင်ဦးဥတ္တမမော်ကွန်း’ စာအုပ် စက်တင်ဘာတွင် ထွက်ရှိမည်

ရှားပါးဓါတ်ပုံများပါ၀င်သော ‘အသျှင်ဦးဥတ္တမမော်ကွန်း’ စာအုပ် စက်တင်ဘာတွင် ထွက်ရှိမည်
by -
နိရဥ္စရာ

ရှားပါးဓါတ်ပုံများ အပါအဝင် မြန်မာနိုင်ငံသာတွင်မက နိုင်ငံရပ်ခြားတိုင်းပြည်များတွင်ပါ ဆရာတော် ဦးဥတ္တမအား မှတ်တမ်းတင်ခဲ့သော ဆောင်းပါးများကို ထည့်သွင်းဖေါ်ပြထားသည့် “အသျှင်ဦးဥတ္တမမော်ကွန်း” အမည်ရှိ စာအုပ်သည် လာမည့် စက်တင်္ဘာလတွင် ထွက်ရှိမည်ဖြစ်သည်။

ယင်းစာအုပ်တွင် စာမျက်နာ (၅၀၀) ကျော်ပါရှိပြီး “အသျှင်ဦးဥတ္တမမော်ကွန်း” ဆိုသော စာအုပ် အမည်နှင့် အညီ မြန်မာစာရေးဆရာ အများအပြားရေးသားခဲ့ကြသော ဆရာတော်၏ အတ္ထုပတ္တိနှင့်ဆောင်းပါးများအပြင် ဆရာတော်၏ နိုင်ငံရေးရည်မှန်းချက်များ၊ မြန်မာလူထုအား မျိုးချစ်စိတ်ဓါတ်ထက်သန်ရန် ဟောပြောခဲ့သော သြဝါဒများ၊ ဆရာတော်ရေးသားခဲ့သော စာအုပ်စာတန်းများနှင့် အနှစ်ချုပ် သုံးသပ်ချက်များလည်း ပါ၀င်သည်ဟု သိရသည်။

image300

ယင်း “အသျှင်ဦးဥတ္တမမော်ကွန်း” စာအုပ်အား ဆရာတော် ဦးဥတ္တမနေ့ (၇၅) နှစ်မြောက် စိန်ရတု အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း၊ စာအုပ်တွင် ဆရာတော် ဦးဥတ္တမ၏ ပြည်တွင်း ပြည်ပလူပ်ရှားမူ ရှားပါးဓါတ်ပုံ (၅၀)ကျော် ပါဝင်ကြောင်း စာအုပ် ပြုစု ရေးသားသူ ခိုင်ကျော်နွယ်က ပြောသည်။

“ရခိုင် ရဟန်းတော်တစ်ပါးအနေနဲ့ အာရှမှာ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် ကြိုးစား ရုန်းကန်ခဲ့တဲ့ အကြောင်းတွေကိုအခုခေတ် လူငယ်တွေအနေနဲ့ သိခွင့်ရအောင်ဆိုပြီး ပြုစုတာပါ။ ဆရာတော်နဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းအဟောင်းတွေက အခုခေတ်မှာ ရှာမရနိုင်ဘူးလေ”ဟု စာအုပ် ပြုစုရေးသားရခြင်းနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဆရာက နိရဥ္စရာသို့ ပြောသည်။

အသျှင်ဦးဥတ္တမ မော်ကွန်း စာအုပ်ကို လာမည့် စက်တင်္ဘာလ ၉ ရက် ဆရာတော် ဦးဥတ္တမနေ့ မတိုင်မီ ရခိုင်ပြည်နယ် (၁၇) မြို့နယ်နှင့် ရန်ကုန်မြို့များ၌ စတင် ဖြန့်ချီသွားမည် ဖြစ်ကြောင်း ဆရာက ပြောသည်။

ယခု စာအုပ်၏ ထူးခြားမူကိုလည်း ဆရာ ခိုင်ကျော်နွယ်က ယခုလို ရှင်းပြပြောဆိုသည်။

“ ဒီစာအုပ်မှာ ဆရာတော် အကြောင်းကို မြန်မာစာရေးဆရာတွေ အများအပြားက ကိုလိုနီခေတ် အတွင်းမှာရော၊ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာရော ရှု့ထောင့်မျိုးစုံက မှတ်တမ်းတင် ရေးသားခဲ့ကြတယ်။ အထုပတ္တိအနေနဲ့ရော၊ ဆောင်းပါးအနေနဲ့ရော၊ အစုံပါဘဲ။ ဒါပေမယ့် ဒီဆောင်းပါးတွေဟာ အခုအခါ လွယ်လွယ်ကူကူနဲ့ ရှာမရတော့ဘူး။ ဒါတွေကို တကူးတက ရှာဖွေပြီး ဒီစာအုပ်ထဲမှာ ဖေါ်ပြထားတယ်။”

ယင်းပြင် ဆရာက “ ဂျပန်နိုင် နာဂိုယာမြို့မှာ အခုထက်ထိ ဆရာတော် သီတင်းသုံးခဲ့တဲ့ အိမ်လေးကို ဂျပန် သူဌေးက ဆရာတော်ဦးဥတ္တမဂုဏ်ပြုတဲ့ အနေနဲ့ ပြတိုက် အဖြစ်လုပ်ထားတယ်။ သူဌေးက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် သားစဉ်မြေးဆက် ဒီအဆောက်အဦးလေးကို မဖြိုဖျက်ဘဲ ထိန်းသိမ်းထားတယ်။ အဲဒီအဆောက်အဦးတည်ရှိတဲ့ ခြံဝင်းထဲမှာ မိုးမျှော် တိုက်ကြီးတွေ တည်ဆောက်ထားပေမယ့် ဒီအဆောက်အဦးလေးကို မဖြိုဘူး။ ဒါတွေဟာ တကယ့်ကို လေးစားဖို့ကောင်း စိတ်ဓါတ်တွေ ဖြစ်တယ်။ အဲဒီကရရှိတဲ့ ရှားပါးဓါတ်ပုံတွေကိုလည်း ဖေါ်ပြထားတယ်။ စာအုပ် တစ်ခုလုံးမှာတော့ ဆရာတော်(ဦးဥတ္တမ)ရဲ့ ရှားပါးဓာတ်ပုံ (၅၀) ကျော် ထည့်ထားတယ်” ဟု သူက ပြောသည်။

စစ်တွေမြို့ရှိ ဆရာတော် မွေးဖွားခဲ့ရာအိမ်ကိုမူ ထိန်းသိမ်းမူ တစ်စုံတစ်ရာမရှိဘဲ လက်ဆင့်ကမ်း ရောင်းချနေကြသဖြင့် ဆရာတော်မွေးဖွားခဲ့ရာ အိမ်ပျောက်ကွယ်သွားခဲ့သည်မှာ ၀မ်းနည်းစရကောင်းကြောင်း ဆရာက ဆိုသည်။

“အသျှင်ဦးဥတ္တမမော်ကွန်း” စာအုပ်ကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ကောင်းစံပုံနှိပ်တိုက်မှ  ပုံနှိပ်ထုတ်ဝေပြီး စာရေးသူ ခိုင်ကျော်နွယ်၏ ပထမဆုံးအကြိမ် ပုံနှိပ်ဖြန့်ချီမည့် စာအုပ်လည်း ဖြစ်သည်။

ဆရာတော် အရှင် ဦးဥတ္တမသည် ကိုလိုနီနယ်ချဲ့လက်အောက်မှ မြန်မာနိုင်ငံလွတ်မြောက်ရေးအတွက် ထောင်အကြိမ်ကြိမ်ကျခံကာ ပထမဆုံး စွန့်စားကြိုးပမ်းခဲ့သောခေတ်ပညာတတ် ရဟန်းတော် တစ်ပါး ဖြစ်သော်လည်း ရခိုင်လူမျိုးဆိုသော အမြင်ကြောင့် မြန်မာ့အာဏာရ အစိုးရ အဆက်ဆက်တို့မှ အသိအမှတ်ပြုဘဲ ပစ်ပယ်ထားခဲ့သည်ဟု ရခိုင်အမျိုးသားများက အမြင်ရှိကြသည်။

သို့သော်လည်း ရခိုင်အမျိုးသားများနှင့် ဆရာတော်ကို ချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသားများက ဆရာတော် ပျံလွန်တော်မူခဲ့သော စက်တင်ဘာလ(၉)ရက်နေ့ကို ဦးဥတ္တမနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ကာ အထိမ်းအမှတ်ပွဲများကို နှစ်စဉ်ကျင်းပကြသည်။

Most read this week