စျေးခွန်မဆောင်ဟုဆိုကာ ခရမ်းသီးသွားရောင်းသည့် ရွာသားများကို မြောက်ဦးစည်ပင်က ထိန်းသိမ်းထား

စျေးခွန်မဆောင်ဟုဆိုကာ ခရမ်းသီးသွားရောင်းသည့် ရွာသားများကို မြောက်ဦးစည်ပင်က ထိန်းသိမ်းထား
by -
နိရဥ္စရာ

စျေးကောင်းရသော မင်းပြားမြို့သို့ ခရမ်းသီးသွားရောင်းသည့် မြောက်ဦးမြို့နယ်၊ အုတ်ဖေါ်ကံ ကျေးရွာသားအချို့အား စျေးခွန်မဆောင်ဟုဆိုကာ မြောက်ဦးမြို့ စည်ပင်က ယာယီ ထိန်းသိမ်းထားသည်ဟု ကျေးရွာလူကြီးများက နိရဥ္စရာသို့ ပြောကြားသည်။

“ သူတိုု့က မြောက်ဦးမှာရောင်းတာ မဟုတ်ပါဘူး။ မင်းပြားမြို့မှာရောင်းမယ်ဆိုပြီး ထော်လာဂျီနဲ့ ခရမ်းသီးတွေကို မြောက်ဦးကနေ ယူဆောင်တဲ့အခါ စျေးခွန်မဆောင်လို့ဆိုပြီး စျေးခေါင်းနဲ့ မြောက်ဦးစည်ပင်က သူတို့ကို သွားလာခွင့်ကို တားမြစ်ပြီး ယာယီထိန်းသိမ်းထားပါတယ်” ဟုု ကျေးရွာလူကြီး တစ်ဦးက ပြောသည်။

စည်ပင်ရုံးရှေ့တွင် ထော်လာဂျီများနှင့် အတူ မင်းပြားသို့ သွားရောင်းမည့် ခရမ်းသီးထုပ်များကိုတွေ့ရစဉ်

ထိုသို့ ထိန်းသိမ်းခံထားရရာတွင် အုတ်ဖေါ်ကံကျေးရွာမှ ဦးစန်းဌေး၊ အောင်နု၊ ဦးသန်းမောင် အပါအဝင် ရွာသား ၁၅ ဦးခန့် ဖြစ်သည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ် စည်ပင်ဦးစီးမှူး ဦးမောင်အေးသိန်းကမူ ထိန်းသိမ်းထားခြင်းမှာ မဟုတ်မှန်ကြောင်း၊ စျေးခွန်မဆောင်၍ တားမြစ်ထားခြင်းသာ ဖြစ်ကြောင်း နိရဥ္စရာသို့ ပြောကြားသည်။

“ အခု ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာ အစည်းအဝေး လုပ်နေပါတယ်။ ဖမ်းဆီးတာ မဟုတ်ပါဘူး။ အစည်းအဝေး ဆုံးဖြတ်ချက် မထွက်သေးတဲ့အတွက် ခဏစောင့်ပါ” ဟု ဆိုသည်။

မြောက်ဦးတွင် ရောင်းချခြင်းမဟုတ်ဘဲ မင်းပြားတွင် ရောင်းချရန်သွားသည်ကို ယခုလို စျေးခွန်ကောက်ရန် စည်ပင် ဥပဒေတွင် ပြဌာန်းထားပါသလားဟု မေးမြန်းရာ စည်ပင်ဦးစီးမှ တစ်စုံတစ်ရာ မပြောဘဲ ဖုံးအား အခြားသူ တစ်ဦး လွဲပြောင်းသွားခဲ့သည်။

နောက်ထပ် တစ်ဦးမှ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီမှာ အချေအတင် ဆွေးနွေးနေကြတဲ့ အတွက် ခဏကြာမှ ဆက်ပါ” ဟု ဆိုကာ ဖုံးချသွားခဲ့သည်။

မြောက်ဦးစည်ပင်နှင့် မြောက်ဦးစျေးခေါင်းသည် လွန်ခဲ့သော ဇူလိူင်လ ၂၉ ရက်နေ့ကလည်း အုတ်ဖေါ်ကံကျေးရွာသားများ မင်းပြားသို့ ခရမ်းသီးသွားရောင်းသည်ကို စျေးခွန်မဆောင်ဟု ဆိုကာ ဖမ်းဆီးသဖြင့် ရခိုင်အမျိုးသားပါတီမှ ဦးထွန်းလိူင်အပါအဝင် တာဝန်ရှိသူများက ကြားဝင် ဖျန်ဖြေ၍ နောက်ပိုင်းတွင် လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

ယနေ့ (ဇူလိူင် ၃၁ရက်နေ့) တွင် နောက်ထပ် တစ်ကြိမ် တားမြစ် ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

Most read this week