ရထားလမ်း အတွက် လယ်မြေများ ဆက်လက် သိမ်းပိုက်ခံနေရ

ရထားလမ်း အတွက် လယ်မြေများ ဆက်လက် သိမ်းပိုက်ခံနေရ
စစ်တွေနှင့် အမ်းအကြားဖေါက်လုပ်နေသော ရထားလမ်း အတွက် လယ်မြေဧက အများအပြားကို သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်များက ဆက်လက် သိမ်းပိုက်နေကြောင်း ကျေးရွာ လူကြီး တဦးမှ ပြော ...

စစ်တွေနှင့် အမ်းအကြားဖေါက်လုပ်နေသော ရထားလမ်း အတွက် လယ်မြေဧက အများအပြားကို သက်ဆိုင်ရာ စစ်တပ် အာဏာပိုင်များက ဆက်လက် သိမ်းပိုက်နေကြောင်း ကျေးရွာ လူကြီး တဦးမှ ပြောသည်။

သူက “ရထားလမ်းကို ပုဏ္ဍားကျွန်းမြို့နယ် အနောက်ဘက် ကနေပြီး ဖေါက်လုပ်နေတာ ဖြစ်ပါတယ်။ တခြား ဒေသတွေမှာလည်း ရထားလမ်းအတွက် လယ်မြေတွေကို စစ်တပ်က သိမ်းပိုက်နေတာကို ကြားရပါတယ်။ ကျနော်တို့ အုပ်စုမှာတော့ ၁၅ ဧက လောက် အသိမ်းခံရပါတယ်” ဟု ပြောသည်။

ရထားလမ်းအတွက် လယ်မြေ သိမ်းခံရသော ကျေးရွာများမှာ ချောင်းဝ၊ ဆားပြင်ကြီး၊ ပဒေသာ၊ ကျင်တလင်းနှင့် ကွမ်းတောင်ကျေးရွာများ ဖြစ်ပြီး အဆိုပါ ကျေးရွာများမှာ ပုဏ္ဍားကျွန်းမြို့ အနောက်ဘက်တွင် တည်ရှိသည်။

၎င်းအပြင် သူက “သူတို့က ရထားလမ်းတလျောက်မှာ တည်ရှိတဲ့ လယ်မြေတွေ အကုန်လုံး သိမ်းတာပါဘဲ။ ချမ်းသာ ဆင်းရဲ ဘယ်သူကိုမှ အရေးမစိုက်ဘူး။ ရထားလမ်းပေါ်မှာ တည်ရှိရင် သိမ်းပိုက်တာပါဘဲ” ဟု ပြောသည်။

နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် အတွက်ဟု ဆိုကာ ရထားလမ်း တလမ်းကို စစ်တွေမှ အမ်းထိ စတင် ဖေါက်လုပ်နေသည်။

အဆိုပါ လမ်းဖေါက်လုပ်ရာတွင် ဒေသခံ ပြည်သူများ ပိုင်ဆိုင်သော လယ်ယာမြေကို သိမ်းပိုက်သည်သာမက တချို့ဒေသများတွင် ကျေးရွာသားများကို အလုပ်ကြမ်းများ စေခိုင်းနေသည်ဟု သိရသည်။

ရထားလမ်း ဖေါက်လုပ်သဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မည် မတိုးတက်မည်ကို မသိရသေးသော်လည်း လောလောဆယ်တွင် လယ်မြေများ သိမ်းပိုက်ခံရသဖြင့် တချို့လယ်သမားများမှာ လယ်မဲ့ယာမဲ့ အဖြစ်သို့ ကျရောက်သွားခဲ့ကြရသည်ဟု ပြည်တွင်းက ပေးပို့သော သတင်းတွင် ဖေါ်ပြထားသည်။

Most read this week